ကျားမ တန်းတူရေးနှင့် ဘဏ္ဍာငွေသုံးစွဲမှု

ကျားမ တန်းတူရေးနှင့် ဘဏ္ဍာငွေသုံးစွဲမှု

ကျားမကွဲပြားမှုအပေါ် တုံ့ပြန်သည့် ဘတ်ဂျက်သည် ဘတ်ဂျက် စက်ဝန်းအဆင့်တိုင်းတွင် ကျားမကွဲပြားမှု ရှုထောင့်ကနေ ထည့်ဝင်လုပ်ဆောင်ပေးမှုဖြစ်သည်။ လုပ်ငန်းစဉ်များ ဖြစ်မြောက်ရေးတွင် ဘတ်ဂျက်က အသုံးချ ကိရိယာပဲဖြစ်သည်။ မြန်မာနိုင်ငံက လိင်ခွဲခြားမှုအား ကိုင်တွယ်ဖြေရှင်းရေးတွင် ပါဝင်ထားသော နိုင်ငံဖြစ်၏။ ၁၉၉၅ ခုနှစ်၌ မြန်မာနိုင်ငံသည် လိင်မျှတမှုနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကတိပြု လုပ်ဆောင်သည့် Beijing Declaration and Platform for Action (BPfA) တွင် ပါဝင်လက်မှတ်ထိုးသည့် နိုင်ငံ ၁၈၉ နိုင်ငံတွင် တစ်နိုင်ငံဖြစ်လာခဲ့သည်။

၁၉၉၇ တွင်လည်း စီဒေါသဘောတူညီမှု Convention on the Elimination of All Forms of Discrimination against Women (CEDAW) တွင်လည်း ပါဝင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အစိုးရက BPfA ၏ ဦးစားပေးနယ်ပယ် ၁၂ ရပ်နှင့် စီဒေါ စည်းမျဉ်းမူဘောင်တို့တွင် အခြေခံပြီး အမျိုးသမီးများ တိုးတက်မြင့်မားရေး မဟာဗျူဟာ အစီအစဉ် NSPAW ကို ကိုယ်ပိုင်လုပ်ဆောင်ခဲ့သည်။

ဘတ်ဂျက်သုံးစွဲမှုသည် လုပ်ဆောင်မှု ဖြစ်မြောက်ရေးအတွက် အဓိကပင်ဖြစ်သည်။ အခွန်ကောက်ခံခြင်း သို့မဟုတ် ဘဏ္ဍာငွေ စုဆောင်းခြင်းတို့က လူမှုနေထိုင်မှု ဘဝများအပေါ် တိုက်ရိုက်သက်ရောက်သကဲ့သို့ လူတို့၏ အမူအကျင့်များ ပြောင်းလဲစေရန်တွင် အပြုသဘောဆန်သော၊ အနှုတ်လက္ခဏာဆန်သော မက်လုံးအဖြစ်လည်း အသုံးချနိုင်သည်။ ရန်ပုံငွေက သင်ရိုးညွှန်းတမ်းများ ပြန်လည်ရေးဆွဲရာတွင် အထောက်အကူ တစ်ရပ် ဖြစ်ပါသည်။ အစိုးရ၏ အဓိကဝန်ဆောင်မှုများနှင့် လှုံ့ဆော်မှုလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် ရန်ပုံငွေ အထောက်အပံ့ ရှိမှပဲ ဖြစ်ပါမည်။

“အစိုးရက အခွန်ကောက်ခံရင် ပြည်သူများအပေါ် ဘယ်လိုသက်ရောက်တယ်ဆိုတာလည်း ကြည့်ရှုဖို့ လိုအပ်တယ်။ ဘဏ္ဍာခွန် ကောက်ယူပြီးနောက်မှာလည်း ပြည်သူတွေအပေါ် သက်ရောက်ဖို့ ဘယ်လို သုံးစွဲမယ်ဆိုတာ၊ မြန်မာနိုင်ငံရဲ့ ကတိကဝတ်ထားပြီး လုပ်ငန်းစဉ်တွေမှာ ဒီဘဏ္ဍာငွေကို ဘယ်လိုသုံးစွဲမယ်ဆိုတာတွေလည်း လိုအပ်ပါတယ်။” ဟု Women in Governance at Action Aid မှ အကြံပေး Melanie Hilton က ပြောသည်။

ယောက်ျား ကြီးစိုးသည့်သမိုင်းရှိသော အခြားနိုင်ငံများစွာ၏ နည်းတူပင် မြန်မာနိုင်ငံ၏ ဘတ်ဂျက် သုံးစွဲမှုသည်လည်း မူဝါဒရေးရာအရ ဘက်လိုက်မှုရှိနေသည်။ သဘာဝရင်းမြစ်များကို ခွဲဝေသုံးစွဲရန် ဆုံးဖြတ်သည့် ရှိနေဆဲ အဂတိလိုက်စားသူများက ဘတ်ဂျက်ပုံစံကို ချမှတ်နေခြင်းဖြစ်သည်။ လူမှု အဆောက်အအုံနှင့် ထုံးတမ်းဓလေ့ဥပဒေများက ထို ဘတ်ဂျက်ခွဲဝေမှု ဆုံးဖြတ်ချက်များအပေါ် ထောက်ကန်ပေးထားသည်။

နိုင်ငံတော်ဘတ်ဂျက်က အမျိုးသားများ၊ အမျိုးသားဦးဆောင်သော အုပ်စုများ၊ အဖွဲ့အစည်းများကို ဦးစားပေးထားသည်။ မူဝါဒပေါ်လစီများကလည်း အမျိုးသမီးများ၏ လိုအပ်ချက်ကို မျက်ကွယ်ပြုနေဆဲပင်။ ထိုသည်ကို အပြောင်းအလဲ ဖော်ဆောင်ခြင်း မရှိပါက မြန်မာပြည်လူဦးရေ၏ ၅၁ ဒဿမ ၂ ရာခိုင်နှုန်းသော အမျိုးသမီးထုအတွက် စီးပွားရေးနှင့် လူမှုဘဝတို့တွင် ချန်လှပ်ထားခြင်းကို ဆက်လက် ခံနေရမည်သာဖြစ်သည်။

ယင်းအရေးအရာအပေါ် နားလည်လက်ခံမှု နည်းပါးခြင်းသည် ပြဿနာ၏ အရင်းခံဖြစ်သည်။

“မူဝါဒပေါ်လစီတွေ တိုးတက်အောင် ပြဌာန်းနိုင်ဖို့ဟာ ပြဿနာအရင်းခံကို နားလည်ဖို့ ပထမဆုံး လိုအပ်မှာ ဖြစ်ပြီး နောက်ပိုင်းကျမှ ဘတ်ဂျက်အပေါ်မှာ စဉ်းစားသွားရမှာဖြစ်ပါတယ်။”ဟု Ms Hilton က ပြောသည်။

ဘတ်ဂျက်ခွဲဝေသုံးစွဲမှုအပေါ် အောက်စဖို့ဒ်က တိုင်းတာ ဆန်းစစ်ထားချက်အရ အစိုးရဌာနဆိုင်ရာအရာရှိ ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသား ၆၀ ရာခိုင်နှုန်းမှာ အမျိုးသားနှင့် အမျိုးသမီးများ၏ ဦးစားပေးနှစ်သက်မှုသည် တူညီကြသည်ဟု ယူဆကြကြောင်း၊ ဆန့်ကျင်ဖက်တစ်ဖက်တွင် အမျိုးသမီး ၇၅ ရာခိုင်နှုန်းကျော်နှင့် လူမှု အဖွဲ့အစည်းအဖွဲ့ဝင်များ၏ ၆၇ ရာခိုင်နှုန်းက အမျိုးသားနှင့် အမျိုးသမီး နှစ်သက်ဦးစားပေးမှု ကွာခြားသည်ဟု ယူဆကြောင်း သိရသည်။

“မိန်းမတွေရဲ့ ဦးစားပေးက ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးနဲ့ လုံခြုံရေးတို့ဖြစ်နေပြီး အမျိုးသားများ အတွက်ကတော့ ဒါတွေက ဦးစားပေး မဟုတ်ဘူးဖြစ်နေတယ်။”ဟု Ms Hilton က ပြောသည်။

အမျိုးသားများအတွက် ဦးစားပေးမှုသည် လမ်းနဲ့ သယ်ယူပို့ဆောင်ရေးကဲ့သို့ အခြေခံ အဆောက်အအုံများဖြစ်သည်။ ထိုကွဲပြားမှု၏ အကျိုးဆက်သည် လမ်းနှစ်ခွဖြစ်နေစေသည်။ ရိုးရာဓလေ့စွဲ လိင်စံနှုန်းများပေါ် အခြေခံသည့် အလုပ်အကိုင် ခွဲခြားမှုများနှင့် နေရာအခင်းအကျင်း အပါအဝင် အမျိုးသမီးများ ဝင်ခွင့်မရသည့် ပြည်သူ့ဝန်ဆောင်မှုများက လူမှုရေးစံနှုန်းသတ်မှတ်ထားမှုများပင်ဖြစ်သည်။

အိမ်ထောင်ရေးနယ်ပယ်တွင် အမျိုးသမီးများထက် အိမ်ထောင်ဦးစီးနေရာ၌ သတ်မှတ်ခံရသည့် အမျိုးသား စံကြောင့် အလုပ်အကိုင် ခွဲခြားမှုကို ဖြစ်စေပြီး အမျိုးသားများက အပြင်တွင် အလုပ်လုပ်ကိုင်ကာ ဝင်ငွေ ရှာဖွေစဉ် အမျိုးသမီးများမှာ အိမ်ထောင်သားမွေးတာဝန်ကို ယူနေရသည်။ ကလေးစောင့်ရှောက်မှု၊ ကလေးများပညာရေးတို့နှင့် တစ်မိသားစုလုံးအတွက် ကျန်းမာရေးစောင့်ရှောက်သူအဖြစ် ရှိနေရသည်။ အားလုံး၏ သင်ကြားသင်ယူမှုနှင့် အိမ်မှုကိစ္စအဝဝက အမျိုးသမီးများ၏ တာဝန်သာ ဖြစ်နေတော့သည်။ အမျိုးသားများအတွက်က အလုပ်သွားအလုပ်ပြန် လွယ်ကူအဆင်ပြေသည့် သွားရေးလာရေးကိုသာ ဦးတည်ထားနေတော့သည်။

အလုပ်အကိုင်တွင် လိင်ခွဲခြားမှုသည် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍနယ်ပယ်တွင် ဦးစားပေးနှစ်သက်မှု ကွဲပြားတာထက်ပိုသည့် နောက်ဆက်တွဲများ ရှိနေသည်။ လိင်အလိုက် တာဝန်ယူမှု ခွဲဝေထားပြီးဖြစ်မှု အပေါ် ပြန်လည် ဆင်ခြင်သုံးသပ်ရမည်ကို အများစုက စိတ်လက်မပါ မသက်မသာ ရှိကြသည်။ လူမှုရေးစံနှုန်းများက အခငွေကြေးမရသည့် အိမ်ထောင်ထိန်း တာဝန်များတွင် အမျိုးသမီးများကို ပိတ်လှောင်ထားသည်။ ထိုအနေအထားက အမျိုးသမီးများအတွက် ကိုယ်ပိုင်သက်မွေးဝမ်းကျောင်း ရှာဖွေသည့် အလုပ်လုပ်နိုင်စွမ်း မရှိစေဘဲ စီးပွားရေးနှင့် လူမှုဘဝတွင် ပါဝင်ခွင့်မရှိရသည့် အမျိုးသမီးများ၏ အခွင့်အရေးများဆုံးရှုံးမှုဆီ တွန်းပို့နေသည်။

အမျိုးသမီးထု၏ အခွင့်အလမ်းကို ဖော်ဆောင်ရာတွင် ဝင်ငွေမညီမျှမှုကို လျှော့ချရေး အားထုတ်ခြင်းက တစ်စိတ် တစ်ဒေသအဖြစ်လည်း ပါဝင်သင့်သည်။ သို့သော်လည်း အမျိုးသမီးများ၏ ဝင်ငွေတိုးခြင်း တစ်ခုတည်းက တန်းတူညီမျှမှုဖြစ်အောင် ညှိပေးနိုင်မည့် အရာမဟုတ်ပေ။ လစာကွာဟချက်နှင့် အိမ်အလုပ်နှင့် အပြင်အလုပ်တို့ဖြင့် နှစ်ဆဝန်ထုပ်ဝန်ပိုးဖြစ်နေမှုတို့သည် ဘတ်ဂျက်ဆိုင်ရာ လုပ်ဆောင်မှုဖြင့် ဖြေရှင်းပေးသင့်သည့် အကြောင်းပြချက်များမှ အနည်းငယ်သာဖြစ်သည်။ အိမ်ထောင်ထိန်းတာဝန်ပါ ယူရခြင်းအတွက် အခွန်လျှော့ကောက်ခံစေခြင်းနှင့် အခွန်ကင်းလွတ်စေခြင်းကဲ့သို့ မက်လုံးမျိုးဖြင့် ဘတ်ဂျက်အရ ဖြေရှင်းပေးသင့်သည်ကို စဉ်းစားရန် လိုအပ်ပါသည်။

အမျိုးသားအလုပ်နှင့် အမျိုးသမီးအလုပ် တန်းတူညီမျှမှုတွင် မထားရှိသော စံတန်ဖိုးက  ယောက်ကျားလေးနှင့် မိန်းကလေးများ၏ ပညာရေးတန်ဖိုးအဖြစ်လည်း ဘာသာပြန်ဖွင့်ဆိုနိုင်သည်။ အနာဂတ်ခေါင်းဆောင်၊ အသိပညာရှင်နှင့် အမျိုးသားရေး တာဝန်ရှိသူများအဖြစ် ယောက်ကျားလေးများက စံသတ်မှတ်ခံထားရသည်။ အခြားတစ်ဖက်တွင် မိန်းကလေးများ၏ ပညာရေးတန်ဖိုးက ကိုယ်ပိုင်အခွင့်အရေးအတွက် ဆိုခြင်းထက် အလုပ်အကိုင်ရရှိရေးနှင့် အိမ်ထောင်ရေးမျှော်လင့်ချက်ကဲ့သို့ အခြားသောရည်မှန်းချက်များနှင့် ဆန့်ကျင်ကာ ပိုင်းဖြတ်ခံရသည်။

Women’s League of Burma (WLB) မှ အထွေထွေအတွင်းရေးမှူး Lway Aye Nang က “မြို့ပြနဲ့ ကျေးလက် နှစ်ရပ်စလုံးမှာ အများစုဖြစ်နေဖွယ်ရှိတာက မိဘတွေဟာ ယောက်ကျားလေးတွေကို ကျောင်းပို တက်စေချင်နေပြီး မိန်းကလေးတွေအတွက်တော့ သိပ်အားမပေးကြတာ။ တကယ်လို့ မိသားစု ငွေကြေး မပြေလည်ရင် သမီးမိန်းကလေးတွေကိုပဲ ကျောင်းဆက်မထားလိုကြဘူး။”ဟု IPS News သို့ ပြောသည်။

ပညာရေးအတွက်ဆိုလျှင် ရန်ပုံငွေများက နောက်ထပ်ပိုမိုလိုအပ်ပါဦးမည်။ မိန်းကလေးများ စာသင်ကျောင်းက ထွက်ခွာခြင်းကို တားဆီးကာကွယ်နိုင်ရေးအတွက်သာမက အသိအမြင် ပိုမိုမြင့်မားရေးနှင့် စဦးယဉ်းကျေးမှု အပြောင်းအလဲတို့အတွက် ကိရိယာတစ်ရပ်အနေဖြင့် ရန်ပုံငွေဖွံ့ဖြိုးရန် လိုသည်။ ဥပမာ ယောက်ကျားလေးရော၊ မိန်းကလေးပါ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရွေးချယ်တက်ရောက်မှု များသည့် သက်မွေး သင်တန်းကျောင်းများက လိင်ခွဲခြားမှု စံနှုန်းများကို စိန်ခေါ်နေပြီဖြစ်သည်။ ယင်းအပြင် ရန်ပုံငွေသည် လိင်ခွဲခြား ဘက်လိုက်မှုရှိနေသည့် စံသတ်မှတ်မှုများမှ လွန်မြောက်ရန် သင်ကြားရေးအထောက်အကူပြုပစ္စည်းသစ်များ၏ အရင်းအမြစ်တစ်ရပ်လည်းဖြစ်သည်။

ယဉ်ကျေးမှု စံနှုန်းများကလည်း အမျိုးသမီးများ၏ ကျန်းမာရေးနှင့် မိမိ ခန္ဓာကိုယ် မိမိ လွတ်လပ် ပိုင်ဆိုင်ခွင့်အတွက် ထိပါးလျက်ရှိနေသည့် ဘေးအန္တရာယ်တစ်ရပ်လည်း ဖြစ်သည်။ အမျိုးသမီးများ တစ်ကိုယ်ရည်အာသာဖြေမှုသည် ညစ်ညမ်းညစ်ပတ်သည့် အမူအကျင့်အဖြစ် ယုံကြည်ထားကြပြီး အမျိုးသမီးများကို အဗြဟ္မစရိယ ရှောင်ကြဉ်ကာ ဟီရိသြတ္တပ္ပ စောင့်ထိန်းရမည်ဟု ယူဆထားနေကြသည်။ မျိုးဆက်ပွားမှုအတွက်သာ အမျိုးသမီးများအား အဓိကထား ရှုမြင်နေခြင်းလည်းဖြစ်သည်။

လိင်နှင့် ပဋိသန္ဓေတားခြင်းများက မကြားမဝံ့မနာသာ ကိစ္စရပ်များဖြစ်နေပြီး ကိုယ်ဝန်ဖျက်ချခြင်းက တရားမဝင်ဖြစ်ကာ မိန်းမကိုယ် တစ်ကိုယ်ရည် သန့်ရှင်းရေးပစ္စည်းများကိုလည်း အခွန်စည်းကြပ် ကောက်ခံနေလျက်ရှိနေသည်။

ထိုကဲ့သို့သော စံသတ်မှတ်ချက်များက အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးအတွက် ရယူရာတွင် အကန့်အသတ်ဖြစ်ရကာ အမျိုးသမီးများ၏ ကျန်းမာရေးပြဿနာမှသည် မိခင်ကလေး ကျန်းမာရေးပြဿနာများအထိ ဆိုးကျိုးပေးနေသည်။ မြန်မာနိုင်ငံသည် မိခင်သေဆုံးမှုနှုန်းထားအချိုးက ကလေးမွေးဖွားမှု တစ်သိန်းတွင် ၂၄၀ ဦးနှုန်းဖြင့် မြင့်မားနေသည်။ ထိုအနေအထားက ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးတွင် လှမ်းမီနိုင်မည်မဟုတ်သည့် အနေအထားပဲဖြစ်သည်။

မိခင်သေဆုံးမှုနှုန်း၏ ဆယ်ရာခိုင်နှုန်းနီးပါးက ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချခြင်းကို မကျွမ်းကျင် မသင်ကြားထားသော သူများကလည်း လုပ်ဆောင်တတ်ခြင်းကြောင့် ဖိတ်စဉ်မှုများ ဖြစ်ရသည်။ လိင်ကိစ္စရပ်များကို ကဲ့ရဲ့ရှုတ်ချစရာအဖြစ် သတ်မှတ်ထားနေသည့် ယဉ်ကျေးမှုစံနှုန်းကြောင့် လိင်ပညာရေးချို့တဲ့ရာမှ ဆယ်ကျော်သက်များ ကိုယ်ဝန်ဆောင်မှု နှုန်းထားသည်လည်း ၁၆ ဒဿမ ၉ ရာခိုင်နှုန်းရှိနေသည်။ အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများ သာတူညီမျှမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းများ ကျိန်းသေဖော်ဆောင်နိုင်ရေးအတွက်  သုတေသန၊ မူဝါဒ၊ လိုအပ်အစိတ်အပိုင်းကဏ္ဍများနှင့် ဘတ်ဂျက်တို့က မရှိမဖြစ် အရေးကြီးကြောင်း NSPAW ကလည်း လက်ခံထားပါသည်။

မြန်မာနိုင်ငံ၏ အတိတ်က ဘတ်ဂျက်သုံးစွဲမှုသည် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေး အဓိက နယ်ပယ်သုံးရပ်တွင် မည်ကာမတ္တာသာ သုံးစွဲခဲ့ခြင်းဖြစ်၏။ ထိုသုံးနေရာ၌ နှစ်နေရာမှာ အမျိုးသမီးများ၏ ဦးစားပေး နှစ်သက်မှု နယ်ပယ်ပဲဖြစ်သည်။

၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ၏ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုသည် အမျိုးသားထု ဦးစားပေးအပိုင်းဖြစ်သော အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းတွင် ဘတ်ဂျက်တစ်ခုလုံး၏ ၃၀ ရာခိုင်နှုန်းနီးပါးကို သုံးစွဲခဲ့ကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးက လေးရာခိုင်နှုန်းနှင့် တစ်ရာခိုင်နှုန်းအောက် အသီးသီးသာ ရှိခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ စီးပွားရေးရာလုပ်ငန်းစဉ်စာတမ်းအရ သိရသည်။ ထိုဘတ်ဂျက်ခွဲဝေသုံးစွဲမှု နှုန်းထားက ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ် မဝံ့အောင် ရှိပါသည်။

ထိုင်းနိုင်ငံက ကျန်းမာရေးအတွက် ဘတ်ဂျက်၏ ၂၁ ဒဿမ ၂၄ ရာခိုင်နှုန်းနှင့် ပညာရေးအတွက် ၁၀ ဒဿမ ၄၆ ရာခိုင်နှုန်း၊ အခြေခံအဆောက်အအုံအတွက်ကမူ နှစ်ရာခိုင်နှုန်းအောက်ပဲ ခွဲဝေသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းလောက် မဖွံ့ဖြိုးသော မြန်မာနှင့် မနီးရင်းစွဲရှိသည့် ကမ္ဘောဒီးယားနိုင်ငံကပင် ပညာရေးအတွက် ၁၃ ဒဿမ ၇၃ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၁၂ ဒဿမ ၁၇ ရာခိုင်နှုန်းနှင့် အခြေခံအဆောက်အုံအတွက်က ၁ ဒဿမ ၁၂ ရာခိုင်နှုန်းသာ ဘတ်ဂျက်ချထားခဲ့သည်။ ၂၀၁၁ ဘတ်ဂျက်နောက်ပိုင်း ပညာရေးနှင့် ကျန်းမာရေး တို့အတွက် တိုးမြှင့်သုံးစွဲလာသည်ကို တွေ့မြင်ရသော်လည်း ဆယ်စုနှစ်များစွာ ရင်းနှီးမြှပ်နှံ ဖေးမမှု  ချည်နဲ့ခဲ့သည့် ယင်းနယ်ပယ်တို့၌ ရေရှည်အကျိုးဆက်များကို ဆက်လက်ခံစားကြုံတွေ့နေရသည်။

၂၀၁၄ မှ ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း လူမှုဖူလုံရေးအတွက် သုံးစွဲသည့် အသုံးစရိတ်အားလုံးသည် ဘတ်ဂျက် တစ်ခုလုံး၏ ၀ ဒဿမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

“လူမှုဖူလုံရေးဌာန DSW က နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၀ ဒဿမ ၀၂ ရာခိုင်နှုန်းပဲ ချထားပေးခြင်းခံရတယ်။ မြန်မာ အစိုးရအနေနဲ့ NSPAW ကို လုပ်ဆောင်ထားပေမယ့် ဒီအစီအစဉ်ကို ဖြစ်မြောက်အောင် အစိုးရက မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ ရေးရာတွေမှာ အသုံးစရိတ် ချထားပေးတဲ့ ဘတ်ဂျက်က နည်းပါးလွန်းလို့ပါပဲ။”ဟု Ms Hilton က ပြောသည်။

DSW သို့ ဘတ်ဂျက်ဆိုင်ရာ ခွဲတမ်းချမှု နည်းပါးခြင်းက အမျိုသမီးများနှင့် ကလေးများသို့ အထူးကို သက်ရောက် နေသည်။ အမျိုးသမီးနှင့် ကလေးများမှာ တူညီမျှတမှု မရရှိခြင်းနှင့် ခုခံနိုင်စွမ်းနည်းခြင်းတို့၏ ဒဏ်ကို အမြဲတစေ ပိုကဲစွာ ရင်ဆိုင်နေရခြင်းကြောင့်ပင်ဖြစ်သည်။ DSW မှ ရန်ပုံငွေအပေါ် တည်မှီနေသည့် မည်သို့ မည်ပုံ ရင်ဆိုင်နေရသည်များကို ဖြေရှင်းမည်ဆိုသည့် မူဝါဒရေးရာ ကြားဝင်ဖျန်ဖြေမှုများကိုလည်း ဆွေးနွေးကြခြင်းက အလွန်နည်းပါးသည်။

လိင်တူညီမျှတမှုရှိရေးသည် DSW တစ်ခုတည်း၏ တာဝန်သက်သက် လုံးလုံးမဟုတ်ဘဲ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့တွင်လည်း တာဝန်အသီးသီးရှိနေကြောင်း Ms Hilton က အလေးအနက်ထား ပြောသည်။ “ဒါကို လုပ်ဆောင်ဖို့အတွက်ဆို အလွှာအကန့်တွေ မျိုးစုံရှိနေဖို့လိုတယ်။ ပေါင်းစည်းစွမ်းဆောင်မှုနဲ့ ကဏ္ဍစုံပါဝင်နေရမယ်။ ဥပမာပြောရရင် လမ်းတွေ မီးမပြတ် ပိုလင်းနေပြီး ရဲလှည့်ကင်းတွေ ပိုချထားလို့ အမျိုးသမီးများ ပိုမိုလုံခြုံရေးကို တိုးမြှင့်ချထားနိုင်အောင် ပြည်ထဲရေး ဝန်ကြီးဌာနကလည်း တာဝန်ယူထားရမှာဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

BPfA နှင့် CEDAW တွင် ပါဝင်သည့် နိုင်ငံအနေဖြင့် လိင်တန်းတူရည်တူဖြစ်မှုအတွက် စေ့ဆော်လှုပ်ရှားမှုများကို မြန်မာနိုင်ငံက ရှင်းရှင်းလင်းလင်း ဖော်ပြလုပ်ဆောင်နေသည့် နိုင်ငံဖြစ်ပါသည်။ သို့သော် ဘတ်ဂျက် လုပ်ငန်းစဉ်များကမူ အမျိုးသမီးများ၏ လိုအပ်ချက်များအတွက် ဂရုတစိုက် ရှိမှု လစ်ဟင်းနေဆဲပဲဖြစ်သည်။ သတင်းအချက်အလက်ဖလှယ်မှုတွင် ပါဝင်ခြင်းနှင့် အမြင်သဘောထား ထုတ်ဖော်ပြသနိုင်ခြင်းတို့တွင် အမျိုးသမီးများအတွက် ပလက်ဖောင်းရှိထားရပါမည်။

“နာဂစ်တုန်းကဆိုရင် မိန်းမနဲ့ ကလေးတွေ သေဆုံးတဲ့ ပမာဏက စိတ်ပျက်စရာကောင်းလွန်းတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့က သတင်း မသိကြရလို့ပဲ။ မုန်တိုင်းလာနေတာ သူတို့ မသိကြဘူး။ တောနယ်တွေမှာ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှုက ယောက်ကျားများ သီးသန့် ယဉ်ကျေးမှုပုံစံလို ဖြစ်နေဆဲပဲ။ သူတို့က လက်ဖက်ရည်ဆိုင်ထိုင် အကြောင်းအရာစုံ ပြော သတင်းဖလှယ်ကြတယ်။ ဒီပုံစံထဲ အမျိုးသမီးတွေအတွက်က အမှန်တကယ် ဝင်ဆံ့နိုင်တဲ့ ယဉ်ကျေးမှုမျိုး မဟုတ်ဘဲဖြစ်နေတယ်။”ဟု Ms Hilton ကပြောသည်။နိုင်ငံရေးဖက်တွင်လည်း လွှတ်တော်တွင် အမျိုးသမီး အမတ်အရေအတွက်က ဆယ်ရာခိုင်နှုန်းအောက်ထက် နည်းပါးသည်။ ထိုအရေအတွက်က လာအိုနှင့် ဗီယက်နမ်တို့ထက်ပင် လျော့နည်းနေခြင်းဖြစ်သည်။ ပြည်နယ်နှင့် တိုင်း အစိုးရနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဝန်ထမ်းတစ်ဝက်နီးပါးက အမျိုးသမီးများဖြစ်နေသော်လည်း ရာထူးငယ် ဝန်ထမ်းများသာ ဖြစ်ကြသည်။ အမျိုးသမီးများက အစိုးရဆုံးဖြတ်ချက် ချမှတ်ဖော်ဆောင်မှု အပိုင်းတွင် ပါဝင်ခြင်း မရှိဘဲ အကျိုးဆက်အားဖြင့် ဘတ်ဂျက်ဆုံးဖြတ်ချက် ချရာတွင်လည်း အမျိုးသမီးများ ပါဝင်ခွင့် မဲ့နေရတော့သည်။ ထိုအတွက် အမျိုးသမီးများ၏ အခြေအနေနှင့် လိုအပ်ချက်များကို ထောက်ခံ ဖော်ဆောင် ပေးမည့် အသံများ ဆိတ်သုဉ်းနေတော့သည်။

မျိုးဆက်များစွာ စွဲမြဲခဲ့သည့် လိင်ခွဲခြားသတ်မှတ်စံများက လူမှုဘဝနယ်ပယ်တွင် အမြစ်တွယ်နေပြီး နိုင်ငံတော် ဘဏ္ဍာရေး အရင်းအမြစ်ပုံစံတွင် ထည့်သွင်းဖြေရှင်းရန် လိုအပ်နေသည်။ “အစိုးရအနေနဲ့ ဘတ်ဂျက် ခွဲဝေသတ်မှတ်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို တုံ့ပြန်မှု ပေးနိုင်တာဖြစ်ဖို့ လိုပါတယ်။ နိုင်ငံလူဦးရေရဲ့ တစ်ဝက်ရှိတဲ့ အမျိုးသမီးထုကို အစိုးရက ရင်းနှီးမြုပ်နှံခြင်းမရှိခဲ့ရင် ဖွံ့ဖြိုးမှုက တာရှည်မှာ မဟုတ်ပါဘူး။”ဟု Ms Hilton က ပြောသည်။

ကျားမကွဲပြားမှုအရေး တုံ့ပြန်ရာတွင် အသိတရားရှိရှိ အားထုတ်ခဲ့ခြင်းမရှိပါက လွန်ကဲသည့် ခွဲခြား ဆက်ဆံမှုများက အမျိုးသမီးထု၏ ဂုဏ်သိက္ခာနှင့် လူမှုရေး လွတ်လပ်မှုများအပေါ် ဆိုးဆိုးရွားရွား ဆက်လက် ထိခိုက်နေလိမ့်ပဲဖြစ်ရာ နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုကိုပါ လှိုက်စားစေခြင်းမှသည် တိုးတက်ရေး လမ်းကြောင်းကိုပါ အပိတ်အဆီး ဖြစ်နေဦးမည်သာဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly