လုံခြုံရေးအရ ရခိုင်နယ်စပ်များတွင် အမျိုးသား ကျောင်းသားဆရာများသာ ခန့်အပ်တာဝန်ပေးသွားမည်

လုံခြုံရေးအရ ရခိုင်နယ်စပ်များတွင် အမျိုးသား ကျောင်းသားဆရာများသာ ခန့်အပ်တာဝန်ပေးသွားမည်
(ဓာတ်ပုံ - မောင်တောမြို့နယ် အထက ပညာသင်ကျောင်း)

 သြဂုတ် ၁၀ ရက် စစ်တွေ။                   ။  ရခိုင်ပြည်နယ် နယ်စပ်ဒေသများနှင့် ဝေးလံခေါင်သီကျေးရွာများရှိ ပညာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများ၏ တင်ပြတောင်းဆိုမှုဖြင့် အမျိုးသား ဆရာများကိုသာ ပြောင်းလဲ ခန့်အပ်သွားတော့မည် ဖြစ်ကြောင်း ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ယင်းဒေသများရှိ ဆရာမများအနေနှင့် နေထိုင်ရန် နားနေဆောင် လုံလောက်စွာ မရှိခြင်း၊ မသမာသူ တချို့၏ ရန်ပြုတိုက်ခိုက်မှုများ ရှိနေခြင်း စသည့် အခက်အခဲများကို တင်ပြလာသည့် အတွက် အသက် ၃၀ အရွယ် အမျိုးသား ကျောင်းဆရာများကိုသာ ခန့်အပ် တာဝန်ပေးနိုင်ရေး ပြည်နယ်အစိုးရ အဖွဲ့နှင့် ပညာရေးဌာနတို့ကြား ညှိနှိုင်းလျက်ရှိသည်။

"ဥပမာ ဘူးသီးတောင် မောာင်တောမြောက်ပိုင်းတွေလို ဒေသတွေပေါ့၊ အမျိုးသမီးတွေ မသွားသင့်တဲ့ နေရာတွေ ရှိတယ်။ အနည်းဆုံး သုံးနှစ် အဲဒီအရပ်မှာ တာဝန်ယူ ထမ်းဆောင်ရမယ်၊ ပြည်နယ် အစိုးရဆီကို တင်ပြထားတယ်၊ ဌာနကို တင်ရင်တော့ မရနိုင်ဘူးပေါ့။ အဲဒါကြောင်း ပြည်နယ်က ပြည်ထောင်စုကို တင်မယ်။ သူတို့က ခွင့်ပြုရင် မကြာခင် ခေါ်ဖြစ်မှာပါ။ အသက် ၃၀ နဲ့ ၃၅ နှစ်အောက် အရွယ်ပေါ့။ ဒေသတွင်းက ပညာတတ်တွေလည်း တခြားနေရာကို သွားရောက်ပြီး အလုပ်လုပ်စရာ မလိုကြတော့ဘူးပေါ့" ဟု ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ယခုပညာသင်နှစ်အတွင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် တာဝန်ကျနေသည့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး ဒေသရဲတပ်ဖွဲ့များ၏ အကူအညီရမှသာ သွားလာကြဖို့ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားထားပြီး ဖြစ်သည်။

“ဆရာဆရာမကို ရန်ပြုတဲ့ ဖြစ်စဉ်ကတော့ ဘူးသီးတောင်၊ မောင်တောဘက်မှာ မတွေ့ရသေးပါ။ ဒါပေမယ့် တချို့ရွာတွေမှာ ဆိုရင် ဆရာ၊ ဆရာမတွေကို ရန်ပြုလို့ မကြာမကြာပြေးကြရတယ်။"

၂၀၁၆-၂၀၁၇ ခုနှစ်အတွင်းမှာလည်း ကျောင်းဆရာ၊ဆရာမ ၅၇၀ ကျော် ခန့်အပ်သွားပြီ ဖြစ်တာာလို့လည်း ပြည်နယ်ပညာရေးရုံးက သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly