ကျောက်ဖြူမြို့နယ်တွင် စပါးဖျက်ပိုးများ ဆိုးရွားစွာ ကျရောက်နေ

ကျောက်ဖြူမြို့နယ်တွင် စပါးဖျက်ပိုးများ ဆိုးရွားစွာ ကျရောက်နေ
ကျောက်ဖြူမြို့နယ်မှ ပိုးဖျက်ခံထားရသည့် စပါးခင်းများ (ဓာတ်ပုံ - RiA)

စစ်တွေ၊ သြဂုတ် ၁၀ ရက် ။                 ။  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ခင်းများတွင် စပါးဖျက်ပိုးများ ဆိုးရွားစွာကျရောက်နေပြီး တားဆီးမှုမပြုလုပ်နိုင်ပါက   ပြန်လည်စိုက်ပျိုးရမည့် အနေထားတွင် ရှိနေသည်။

ပိုးများမှာ နှစ်စဉ်ကျရောက်ခြင်းမဟုတ်ဘဲ ယခုနှစ်တွင် ကျရောက်နေခြင်းဖြစ်ကာ ဖျက်ပိုးကြောင့် ကျောက်ဖြူမြို့နယ် ကြက်တိန်ကျေးရွာအုပ်စုအတွင်းရှိ စပါးခင်းမှာ အဝါရောင်သို့ ပြောင်းလဲလာကာ စပါးများ ပျက်စီးနေပြီ ဖြစ်သည်။

“ပိုး အမျိုးအစားကတော့ လောက်ကောင်တွေလို ပိုးတွေဖြစ်ပါတယ်။ သူတို့ကျတဲ့ စပါးခင်းတွေမှာ စပါးပင်တွေကို ခြေရင်းကနေ ကိုက်ဖြတ်လိုက်တာကြောင့် အပင်သေတာတာတွေ ရှိတယ်။ နောက် အရွက်တွေကို စားတဲ့အတွက်ကြောင့်လည်း စပါးပင်တွေက ဝါလာတာတွေ ရှိပါတယ်။ ဒီပိုးတွေကိုသာ အချိန်မီ မတားဆီးနိုင်ရင်တော့ ပြန်စိုက်ရမှာ ဖြစ်ပါတယ်။ စားကျက်တွေမှာလည်း အဲဒီ ပိုးကျတဲ့နေရာတွေမှာ မြက်ပင်တွေ သေသွားပါတယ်။ ဒါပေမယ့် ကျွဲနွားတွေရဲ့ အစာရေစာကိုတော့ မထိခိုက်နိုင်ပါဘူး။” ဟု ဒေသခံ တောင်သူ ဦးထွန်းကြည်က ပြောသည်။

ယခုအချိန်သည် ပျိုးစိုက်ပြီးစ အချိန်ဖြစ်သည့်အတွက် စပါးပင်များမှာ အသက်နုပြီး စိုက်သား မလှန်သေးသည့် အရွယ်ဖြစ်သဖြင့် ပိုးဖျက်ခံလိုက်ရသည့် စပါးခင်းများမှာ ပြန်လည်သားပေါက်ရန်အတွက် အခက်အခဲရှိကြောင်းနှင့် ထပ်မံစိုက်ပျိုးရန်အတွက်လည်း အချိန်နှောင့်နှေးနိုင်ကြောင်း တောင်သူများက ပြောသည်။

“ပိုးကျတာနဲ့ မြို့နယ်စိုက်ပျိုးရေးဌာနနဲ့ ထွေ/အုပ်ဌာနတို့ကို သွားပြီး အကြောင်းကြားလိုက်တဲ့ အတွက်ကြောင့် စိုက်ပျိုးရေး ဌာနကနေရောက်လာပြီး ပိုးကျတဲ့ စပါးခင်းတွေကို ပိုးသတ်ဆေးတွေ လိုက်ဖြန်းပေးထားပါတယ်။ ပိုးသတ်ဆေးဖြန်းတာက နှစ်ရက်ပဲရှိသေးတာမို့ သေမလားမသေးဘူးလား ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ မိုးမသေရင်တော့ အခြေအနေမကောင်းဘူးပေါ့။ ဌာနတွေ အနေနဲ့လည်း သတင်းရတာနဲ့ ချက်ချင်းလာပြီးတော့ ပိုးသတ်ဆေးဖြန်းပေးတာပါပဲ။”ဟု ဒေသခံတောင်သူ ဦးလှမင်းညိုက ပြောသည်။

ပိုးကျနေသည့် စပါးခင်းများမှာ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုနှစ်ခုမှ စိုက်ပျိုးလုပ်ကိုင်နေကြသည့် စပါးခင်းများတွင် ကျရောက်နေခြင်းဖြစ်သော်လည်း ပိုးများအား အချိန်မီ ကာကွယ်တားဆီးမှုမပြုလုပ်နိုင်ပါက ကျန်စပါးခင်းများသို့လည်း ကူးစက်မှုများဖြစ်ပွားလာနိုင်ကြောင်း ယင်းသို့ ပြန့်ပွားကူးစက်သွားပါက တောင်သူများ အနေဖြင့်လည်း ထိခိုက်နစ်နာမှုများနှင့် ရင်ဆိုင်ကြရမည်ဖြစ်ကာ သီးနှံ အထွက်နှုန်းများကိုလည်း လျော့နည်း သွားစေနိုင်ကြောင်း ဒေသခံတောင်သူများက စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly