တခါတလေ မိုးတွေလေတွေကြား မတ်တတ်ရပ်ပြီး ထမင်းစားကြရတယ်ဆိုတဲ့ ကျေးလက်ကောက်စိုက်သမလေးများရဲ့ တစ်နေ့တာ ဘဝ

10 August 2016
တခါတလေ မိုးတွေလေတွေကြား မတ်တတ်ရပ်ပြီး ထမင်းစားကြရတယ်ဆိုတဲ့ ကျေးလက်ကောက်စိုက်သမလေးများရဲ့ တစ်နေ့တာ ဘဝ

တစ်နေ့တစ်နေ့ အချိန်နဲ့ အလျင်မှီအောင် မြန်မြန်ဆန်ဆန် ကောက်စိုက်ရတဲ့ အမျိုးသမီးတွေကို မြန်မာနိုင်ငံ အနံှ့အပြားမှာ တွေ့ရမှာပါ။ ဒီအမျိုးသမီးထုရဲ့ ကြိုးစားအားထုတ်မှုတွေ တစ်နေ့တာ ရုန်းကန် လှုပ်ရှားရမှုတွေကို စုစည်းတင်ပြပေးချင်ပါတယ်။ အင်မတန် ရိုးသားကြပြီး ပင်ပင်ပမ်းပမ်း လုပ်ကိုင်ရတဲ့ ဒီ လယ်ယာအလုပ်မှာပဲ မငြီးမငြူလုပ်ကိုင်နေကြရတဲ့ ဒီ လယ်ယာလုပ်ငန်းခွင်ထဲက ကျေးလက်ပြည်သူတွေရဲ့ လုပ်အားဟာ ဒီတိုင်းပြည်ရဲ့ အားအကိုးရဆုံး လုပ်ငန်းစုကြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ လယ်ပိုင်ရှင်၊ စာရင်းဌားလို့ခေါ်တဲ့ ကောက်စိုက်သူနဲ့ လယ်ပိုင်ရှင်နဲ့ ကောက်စိုက်တဲ့ လယ်ကူလီများကြားက သုတ်သူကြီး ဒေသအခေါ် သုတ်ခေါင်းတို့ရဲ့ ပြောပြချက်များကို တစ်စုတစ်စည်းတည်း ဖေါ်ပြပေးလိုက်ပါတယ်။

“မနက်ဆို ၃ နာရီလောက် ထရတယ်။ ထမင်းချက်တယ်။ ဟင်းချက်တယ်။ သနပ်ခါးလူးတယ်။ မိုးလင်းတာနဲ့ လယ်တောထဲသွား ကောက်စိုက်ရတာပေါ့။ လယ်ထဲကိုတော့ ၅ နာရီခွဲ ၆ နာရီလောက် ထွက်တယ်။ လူကတော့ မစုဘူးပေါ့ ကိုယ့်အိမ်ကနေ ကိုယ်ထွက်ကြ ညီမတို့ကိုယ်တိုင်ကလည်း ညီမတို့အိမ်ကနေ ထွက်ကြတယ်။ လူက စုတဲ့အခါလည်းစုတယ်။ မစုတဲ့အခါကျတော့လည်း ကိုယ့်ဘာသာကိုယ် သွားကြတယ်။

ခေါင်းပေါင်းတာက တစ်ချို့ကျတော့လည်း နေပူလည်း ပေါင်းတာပေါ့။ ပေါင်းတယ်ဆိုတာကလည်း ရွံ့စက် ပေမှာစိုးလို့ပါ။ ခြင်ကိုက်မှာနဲ့ ဖြုတ်ကလည်း ကိုက်တယ်လေ။ ဖြုတ်လေးတွေက   သေးသေးလေးတွေနဲ့ မမြင်ရဘူး ကိုက်တယ်။ ဖြုတ်ကိုက်ရင် သေအောင်နာတယ်။ ခေါင်းပေါင်းတာကလည်း ဖြုတ်ကိုက်လို့ ပေါင်းတာလည်း ပါတာပေါ့”

ဒါကတော့ ကောက်စိုက်သမလေးတစ်ဦးက ပြောပြခဲ့တာပါ။ အခု လယ်ပိုင်ရှင်က သူကိုယ်တိုင်လယ်ထဲဆင်းကူလုပ်ပေးတာကအစ အခုလိုပြောပြပါတယ်။

“ပျိုးပတ်ကို သူတို့ကို လေးငါးဆယ်ပတ် တစ်ကိုင်စာ တစ်ကိုင်စာ လိုက်ချပေးရတာပေါ့။ နောက်ပြီးတော့ သူတို့ကို ပျိုးပတ်ချလို့ နိုင်သွားရင်လည်း ကြီးကြီးက ဝိုင်းစိုက်တာပေါ့။ ကူစိုက်ပေးတာပေါ့။ ကောက်စိုက်သမားတွေကို ဘယ်လိုငှားရလဲဆိုတော့ သူတို့ကို ၈ ယောက်ကို ၁ ဧကပေါ့။ ၈ ယောက်ကို ၁ ဧက ဆိုတော့ တစ်ယောက်ကို လေးထောင်နှုန်းပေါ့။ ၁ ဧကကို ၃၆၀၀၀ လောက် ကျတာပေါ့။ ခေါင်းခလည်း ပေးရတယ်လေ။ ”

ကောက်စိုက်ရသူများရဲ့ တနေ့တာ လုပ်အားခကိုလည်း အခုလိုပြောပြပါတယ်။

“တစ်နေ့ကို ၄၀၀၀ ရပါတယ်။ တစ်ဧကကို ၃၅၀၀၀ အဲလိုပဲ ပေးလိုက်တာ။ သမီးတို့ကတော့ ကိုယ့်ဘာသာကိုယ် နေ့စားခနဲ့ယူပေါ့။ လယ်ပိုင်ရှင်ကတော့ ဧကနဲ့ ပေးလိုက်တာပေါ့။ တစ်ဧကကို ၃၅၀၀၀ ပေါ့။”

ဒါ့အပြင် သုတ်သူကြီးကလည်း သုတ်ထောင်ပုံကအစ အခုလိုရှင်းပြပါတယ်။

“သုတ်သူကြီးဆိုတာကတော့ သူက ပိုက်ဆံစိုက်ထုတ်ပေးတာပေါ့။ လယ်စိုက်မယ်ဆိုရင် ပိုက်ဆံကြိုထုတ်ပေးတာပေါ့။ အဲလိုလူကို သုတ်သူကြီး ခေါ်တာပေါ့။

သုတ်က ဘယ်လိုထောင်ရလဲဆိုတော့ ခါတိုင်းနှစ်တွေကတော့ သူများသုတ်ထဲကိုဝင်တယ်။ ဒီနှစ်တော့ ကိုယ်က ညီမတွေလည်းရှိတယ်လေ ညီမတွေလည်းရှိတော့ ဘေးက ခေါ်ကောက်လေးတွေလည်း လိုက်စိုက် ဘေးလူ သုံးလေးငါးယောက်လောက်ကို ခေါ်ပြီးတော့ တစ်ဧကလောက် လိုက်စိုက်တာပေါ့။ တစ်ဧကစိုက်ရင် ဆယ်ယောက်ကို ခေါင်းခ တစ်ယောက်စာရတယ်လေ။ အဲဒါကြောင့်မို့ သုတ်ထောင်ဖြစ်တာပေါ့။ တစ်နေ့ကို တစ်ဧကကို ၈ ယောက်နှုန်းပေးရင် အဲဒီ ၈ ယောက်နဲ့ တစ်ဧကကို ပြီးအောင်စိုက်ရတယ်ပေါ့။ ”

ကောက်စိုက်သမများရဲ့တနေ့တာ အခြေအနေကတော့ အင်မတန်ဆင်းရဲဒုက္ခရောက်လှပါတယ်။ သူတို့ ကောက်စိုက်ဆင်းတဲ့အခါ ဘယ်လိုထမင်းစားကြရ ပင်ပမ်းမှုကို ဘယ်လိုကုစားကြရသလဲ။

“ထမင်းစားချိန်ကတော့ တသတ်မှတ်တည်းတော့မရှိပါဘူး။ သတ်မှတ်ထားသလောက် ပြီးရင်တော့ စားလိုက်ကြတာပဲ။ မိုးရွာရင်လည်း ဒီအတိုင်းပဲ ဖြစ်သလို စားလိုက်ရတာပါပဲ။ တစ်ခါတစ်လေ မိုးရွာရင် ဟင်းခွက်တွေ ထမင်းခွတ်တွေထဲမှာ ရေတွေကို ပြည့်လို့ ဝါတာဘလူးလေးတွေကို ခြုံပြီးတော့ စားရတယ်။ လုံတော့ ဘယ်လုံပါ့မလဲ။ လေတွေမိုးတွေတိုက် ခမောက်တွေကလည်း လွင့်နဲ့ ဒုက္ခတော့ ရောက်တာပေါ့။ တချို့ ရေကြီးနေတဲ့လယ်တွေဆိုရင် ထမင်းကို မတ်တတ်စားရတယ်။ ကိုယ့်ထမင်းချိုင့်နဲ့ ကိုယ့်ဟင်းပန်းကန်လေးနဲ့ မတ်တတ် စားရတာပေါ့။ တစ်နေကုန် ကုန်းစိုက်ရတာဆိုတော့ ညဘက်ဆို ကိုယ်တွေလက်တွေ နာနေတာပေါ့။ အဲဒါ ပြန်ရောက်ပီဆိုတာနဲ့ ရေမိုးချိုးပြီးတော့ ဆေးတွေလူးရတာပေါ့။ ဆေးထိုး ဆေးစားပေါ့။ ရှိတဲ့သူကတော့ ဆေးထိုးရပေါ့။ မရှိတဲ့သူကတော့ အကိုက်အခဲပျောက်ဆေးလေးပဲ သောက်ရတာပေါ့။ ပြန်ရောက်လို့ ထမင်းစားပြီးရင် အိပ်တော့တာပဲ။ အိပ်ယာကနိုးတော့လည်း ညနေစာကို ချက်ရ ပြုတ်ရသေးတာပေါ့။ ကိုယ့်သဘာဝ ကိုယ့်အလုပ်ဆိုတော့လည်း ပျော်နေတာပေါ့လေ။ ကိုယ့်အလုပ်ကလည်း ဒါပဲရှိတာကို။ စပါးစိုက်ချိန် စိုက်၊ ကောက်ရိတ်ချိန်ရိတ်၊ ပဲခူးချိန် ခူးပေါ့လေ။ အလုပ်ကလည်း ဒါပဲရှိတာလေ။ အလုပ်လုပ်ရမယ်ဆိုရင် ပျော်နေတာပဲ။ အဖော်တွေနဲ့ ဟေးလားဝါးလားနဲ့ တစ်နေ့တစ်နေ့ ပြီးသွားတာပဲ။ ကိုယ့် သတ်မှတ်ထားတဲ့ ဧကပြီးတာနဲ့ ပြန်သွားတာပဲ။ ”

ကျေးလက်နေပြည်သူတွေရဲ့ လုပ်ကိုင်စားသောက်ရပ်တည်ရတဲ့အခြေအနေကို လယ်သူမတစ်ယောက်က အခုလို ရှင်းပြပါတယ်။

“တခြားလုပ်ငန်း ဘာလို့မရှိတာလဲဆိုတော့ သူ့ရာသီနဲ့ သူပေါ့။ အခု ကောက်စိုက်ချိန်ဆိုတော့ အမျိုးသမီးတွေ စိုက်ပေါ့။ ပဲခူးချိန်ကျတော့လည်း ဒီလိုပဲ သူ့ရာသီနဲ့သူ လုပ်ရတာပေါ့။ တောက်လျှောက် ဆယ့်နှစ်ရာသီလုံး အလုပ်က ရှိတာမှမဟုတ်တာ။ မရှိတော့ သူ့ရာသီနဲ့ ကိုယ့်အလုပ်ရှိသလောက်ပဲ လုပ်နေရတာပေါ့။ ရာသီကုန်သွားတော့လည်း တစ်ခါ ပြန်ထိုင်စားပေါ့။ နောက်တစ်ခါ ရာသီပေါ်တော့ တစ်ခါပြန်လုပ်ပေါ့။

အဲလိုပဲ လုပ်ရတာပေါ့။ တစ်ခြားလုပ်ငန်း လုပ်တဲ့သူဆိုတော့ မရှိဘူးလေ။ ဒီလိုပဲ လုပ်စားရတာပေ့ါ။ တစ်ခြားလုပ်ငန်း လုပ်တဲ့သူဆို ဘန်ကောက်မှာ အလုပ်သွားလုပ်တဲ့သူပဲရှိတယ်။ အဲဒါပဲရှိတယ်။ ကွာတာပေါ့ သူတို့နဲ့ကျတော့ သူတို့က တစ်နေ့ကို တစ်သောင်းလောက် ရတာပေါ့။ ညီမတို့ကတော့ အခု အကိုတို့မြင်တဲ့အတိုင်းပဲ လေးထောင်ပဲရတယ်ပေါ့။ ညီမက အဲဒီကို ဘာလို့မသွားဖြစ်တာလဲဆိုတော့ ကိုယ့်ဆီမှာက ပိုက်ဆံမရှိဘူးလေ။ ဘန်ကောက် တစ်ခေါက်တက်တယ်ဆိုတာက လွယ်တာမှမဟုတ်တာ။ လေးငါးခြောက်သိန်းဆိုတာက ညီမတို့အနေနဲ့ကလည်း ဘယ်နေရာမှာမှ ရှာလို့ အဆင်မပြေဘူးလေ။ လယ်သမား ချောင်းသမားမှမဟုတ်တာ။ လယ်သမား၊ ချောင်းသမားဆိုရင်တော့ ရှာလို့ရတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဘန်ကောက်က ပိုက်ဆံချရင်ချလေ မချရင် သူတို့လယ်တွေရှိတာပဲ သိမ်းရသိမ်းမှာပေါ့။ ကိုယ်တွေအနေနဲ့ကတော့ ပိုက်ဆံဆိုတာ ရှာဖို့ကမလွယ်ဘူးလေ။ တစ်နေ့လုပ် တစ်နေ့စားပေါ့။ သွားချင်လားဆိုတော့ သွားလည်းသွားချင်တယ်။ မသွားလည်း မသွားချင်ဘူး။ ဒါပေမယ့် သူများတွေ ပိုက်ဆံပို့တဲ့အချိန်ကျရင်တော့ အားကျတယ်။ သူများပို့တဲ့အချိန်ကျရင် အားကျတော့ သွားချင်စိတ်တော့ ဖြစ်တာပေါ့။

နောက်တစ်ခုက တစ်ချို့တွေကကျတော့ အဆင်ပြေတယ်။ တစ်ချို့တွေကတော့ အဆင်မပြေတော့ ပြန်လာတဲ့အခါကျတော့ အဲလိုမျိုးဆိုတော့လည်း စိတ်က သွားချင်တဲ့စိတ် မရှိတော့ပြန်ဘူး။ သူများနိုင်ငံသွားပြီး ချမ်းသာလို့ ပြန်လာတော့လည်း ဒီအလုပ်က လုပ်ရမှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရွာ ကိုယ့်ဒေသမှာက ဒီအလုပ်ပဲရှိတာလေ။ အဲတော့ ဒီအလုပ်ပဲ ပြန်လုပ်ရမှာပေါ့။ သူများတွေလို စာကလည်း မတတ်ဘူးလေ။ စာတတ်လို့ ဘော့ပင်လေးနဲ့ ကိုင်ပြိး လုပ်စားလို့ရရင်တော့ တစ်မျိုးပေါ့နော်။ ညီမတို့က စာကလည်းမတတ်တော့ ဒီလုပ်ငန်းစဉ်ပဲ ဆက်လုပ်ရတာပေါ့။ ”

လယ်ပိုင်ရှင်ဆိုပေမယည်း လ့်လယ်စာရင်းငှားများနဲ့အတူ လယ်ထဲဆင်း အတူတွဲဘက်လုပ်ကိုင်ရတဲ့သူတစ်ယောက်အနေနဲ့ နောင်လာနောက်သားတွေကို အခုလို အမှာစကားပြောခဲ့ပါသေးတယ်။

“နောင်လာနောင်သားတွေအနေနဲ့ ပညာတတ်အောင်လုပ်ကြပါ။ ပညာတတ်ရင် ကြီးကြီးတို့လည်း ပင်ပင်ပန်းပန်းလည်း မလုပ်ရဘူး။ အခုလို ဆင်းဆင်းရဲရဲနဲ့ အခု ကြီးကြီးတို့ကတော့ ပညာတွေမတတ်တော့ ဒုက္ခတွေရောက်ပြီးတော့ အခု အလုပ်ကြမ်းတွေ လုပ်စားရတယ်ပေါ့နော်။ နောင်လာနောင်သားတွေ အကုန်လုံး ကလေးတွေ ပညာကို အားထားပါ ပညာကို ဂရုစိုက်ပြီး သင်ကြပါလို့ အခုက ပညာတတ်မှလေ ပညာတတ်မှ လုပ်ငန်းခွင်ထဲမှာ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ရမယ်လေ။ ပိုက်ဆံလည်း များများရမယ်ပေါ့။ ကြီးကြီးတို့ကတော့ ပညာမတတ်တော့   တောမှာပဲ တောအလုပ်ပဲ လုပ်ရင်းနဲ့ လုပ်ကိုင် စားသောက်နေရတာပေါ့။ ”