အာရှလမ်းမပေါ် အခြေခံသည့် ဒီကေဘီအေ နှင့် အစိုးရ တိုက်ပွဲ မငြိမ်းချမ်းသေး

အာရှလမ်းမပေါ် အခြေခံသည့် ဒီကေဘီအေ နှင့် အစိုးရ တိုက်ပွဲ မငြိမ်းချမ်းသေး
ဒီကေဘီအေထိန်းချုပ်နယ်မြေ ဆုံစည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် (၁၉) ကြိမ်မြောက် ဒီမိုကရေစီအကျိုးပြု တပ်မတော်နှစ်ပတ်လည်နေ့ (DKBA) နေ့တွင် စစ်ရေးပြချီတက်နေသည့် DKBA တပ်သားမျးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ချင်းမိုင်(မဇ္ဈိမ) ။ ။ နှစ်ဖက်တပ်များ ဆုတ်ခွာရန် ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA) တာဝန်ရှိသူများ ညှိနှိုင်းခဲ့သော်လည်း ဇူလိုင်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေသည်ဟု DKBA၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောလုံ့လုံက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၁၀ ရက်တွင် မြဝတီ-ကော့ကရိတ် အာရှလမ်းမအား သွားလာခွင့်ပြုလိုက်ပြီ ဖြစ်သော်လည်း ပစ်ခတ်မှုများ ရှိနေပြီး DKBA ၏ ကောင်းမှုတပ်စခန်းသို့ အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် မွန်းလွဲပိုင်း ၂ နာရီမှ ၄ နာရီထိ နှစ်နာရီခန့်ကြာ နှစ်ဖက် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။ 

“တစ်နေ့ကပဲ ဗိုလ်ချစ်သူတို့နဲ့ အစိုးရ ဟိုမှာသွားပြီးတော့လမ်းရှင်းတယ်ဆိုပြီးတော့ ကျွန်တော်တို့လည်း နားလည်မှုယူပြီးတော့ တပ်ကို ရုပ်ပြီးတော့ ကောင်းမှုမှာ နေတာ။ ဒီနေ့ မနက်ကတည်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ နေ့ခင်းပိုင်း ၂ နာရီကမှာ ကျွန်တော်တို့ ရှိတဲ့စခန်းကို လာတက်ထိုးတဲ့ ပုံစံပေါ့ဗျာ။ ညနေ ၄ နာရီလောက်ထိ ဖြစ်နေတယ်၊ ကော့ကရိတ် ကောင်းမှုစခန်းမှာ လာတိုက်နေတယ်။ မြို့နားမှာ ကပ်ဖြစ်နေတာ”ဟု ဗိုလ်မှူးကြီး စောလုံ့လုံက ပြောသည်။

၎င်းက ဆက်လက်၍ “၇ ရက်နေ့ နှစ်ဖက်ညှိနှိုင်းပြီးတော့ ၈ ရက်နေ့တပ်ဆုတ်တယ်။ ၉ ရက်နေ့ နည်းနည်းစပြီးတော့ ဒီနေ့ ၁၀ ရက် ကျွန်တော်တို့ တပ်စခန်းကို လာချောင်းပစ်တဲ့ ပုံစံမျိုးဆိုတော့ တဖြည်းဖြည်း မြင့်လာတယ်။ ကျွန်တော်တို့က ပြဿနာကို လျော့အောင် လုပ်နေတယ်။ ဒါပေမဲ့ တဖက်က တိုက်လာတော့ ကျွန်တော်တို့လည်း ခုခံကာကွယ်ရာမှ အပါး ဘာမှ မရှိတော့ဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်က ကရင်ပြည်နယ် ဘားအံမြို့တွင် DKBA နှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများက တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တွေ့ဆုံ၍ နှစ်ဖက် တပ်များ ဆုတ်ခွာရန် သဘောတူခဲ့သော်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာသဖြင့် ငြိမ်းချမ်ေးရးအတွက် ထိခိုက်နိုင်သည်ဟု ဗိုလ်မှူးကြီး စောလုံ့လုံက ပြောသည်။

“ကေအန်ယူကလည်း ညှိခိုင်းတယ်။ ညှိတယ်ဆိုတာက လမ်းမကြီးပေါ်မနေတော့ဘူး”ဟု ၎င်းက ပြောသည်။

တစ်ပတ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ ဇူလိုင်လ ၈ ရက်တွင် အစိုးရ စစ်တပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များတို့ အာရှလမ်းမကြီးပေါ်တွင် လုံခြုံရေးယူထားပြီး ထိန်းချုပ်လိုက်ကာ ဇူလိုင်လ ၁၀ ရက်တွင် အဆိုပါ လမ်းမကို သွားလာခွင့် ပြုလိုက်ပြီဖြစသည်။

အာရှလမ်းမပေါ်တွင် ဆက်ကြေးကောက်ခံနေသည့် အစိုးရဂိတ် ၂ ဂိတ်နှင့် DKBA အပါအဝင် တိုင်းရင်းသား လက်နက်အဖွဲ့တို့မှ စုစုပေါင်း ဂိတ် ၁၁ ဖွဲ့ ရှိခဲ့ရာမှ ယခု ဆက်ကြေးကောက်မှုကို ရပ်ဆိုင်းကြောင်း နှင့် ဆက်ကြေး ကောက်ခံပါက အထက်သို့ တိုင်ကြားနိုင်သည်ဟုလည်း BGF မှ ဗိုလ်မှူးကြီး စောချစ်သူက ဒီဗွီဘီကို ပြောဆိုထားသည်။

အဆိုပါ အာရှလမ်းမကြီးကို မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ ယခု ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် စီစဉ်နေပြီ ဖြစ်သည်။ အဆိုပါ လမ်းမကြီး ဖွင့်လှစ်ပြီးပါက DKBA တပ်အား ရုပ်သိမ်းရန် အစိုးရဘက်မှ ပြောဆိုခဲ့ရာမှ ဇူလိုင်လ ၂ ရက်နေ့မှစတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags