မြန်မာ့ငါးလုပ်ငန်း တန်ဖိုးမြင့်ပို့ကုန်တင်ပို့မှုနည်းနေသေး

မြန်မာ့ငါးလုပ်ငန်း တန်ဖိုးမြင့်ပို့ကုန်တင်ပို့မှုနည်းနေသေး

ရန်ကုန်၊ သြဂုတ် ၉ ။   ။ မြန်မာ့ငါးလုပ်ငန်းအနေဖြင့် ရေထွက်ကုန်များတင်ပို့ရာမှာ ကုန်ကြမ်းတွေကိုသာ အဓိကတင်ပို့နေရပြီး ဝင်ငွေပိုမိုရရှိသည့် တန်ဖိုးမြင့်ပို့ကုန် (ခေါ်) ကုန်ချောပို့မှု နည်းနေသေးကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနဲ့  ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းအေးက မဇ္ဈိမကိုပြောပါတယ်။

ကုန်ချောပို့တာက ကုန်ကြမ်းပို့တာထက် ၃ဆလောက်ငွေပိုရတာကြောင့် တခြားနိုင်ငံတွေမှာ ကုန်ကြမ်းတင်ပို့မှု မရှိသလောက်နည်းနေပြီး မြန်မာနိုင်ငံမှာတော့ ကုန်ချောတင်ပို့နိုင်တဲ့ စက်ရုံ ၃ရုံလောက်သာရှိသေးကြောင်း ဦးထွန်းအေးကဆက်ပြောပါတယ်။

"တစ်နိုင်ငံလုံးရဲ့ တင်ပို့မှုက သန်း၆၀၀ လောက်ပဲရှိပါတယ်။ အာဆီယံနိုင်ငံတွေမှာ ..ထိုင်းနဲ့ ဗီယမ်နမ်ဆိုရင် သန်း ၇၀၀၀ အထက်မှာတင်ပို့နေကြပြီ။ တော်တော်လေးကို ၁၀ဆလောက်ကွာတဲ့အနေအထားရှိတာပေါ့" လို့ မြန်မာနိုင်ငံ 
ရေထွက်ပစ္စည်းထုတ်လုပ်သူများနဲ့ ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းအေးက မဇ္ဈိမကိုပြောပါတယ်။ 

ရေလုပ်ငန်းဏ္ဍက မြန်မာနိုင်ငံရဲ့ရေမြေ ရာသီဥတုအနေအထားနဲ့စာရင် ထုတ်လုပ်မှုက အင်မတန်ကိုနည်းနေသေးတယ်ဆိုတာလက်ခံရမှာဖြစ်ပြီး  ပြည်ပရေထွက်ကုန် ကုန်ချောတင်ပို့တဲ့ ရေလုပ်ငန်းတွေမှာ မြန်မာရေလုပ်သား ၂သန်းလောက်ရှိနေတယ်လို့ ထွန်းအေးကပြောပါတယ်။

နိုင်ငံတော်အနေနဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်းတွင် ရေလုပ်ငန်းကဏ္ဍဖြစ်တဲ့ ငါးလုပ်ငန်းဟာဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ထည့်သွင်းထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာန မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်စိုးကပြောပါတယ်။

လက်ရှိမှာ ရေလုပ်ငန်းကုန်ချော ပိုမိုတင်ပို့နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့နဲ့ မြန်မာ့ငါးလုပ်ငန်းအဖွဲချုပ်တို့ပူးပေါင်းပြီး ကမ္ဘာ့ကုလသမဂ္ဂကုန်သွယ်မှုနဲ့ ဖွံဖြိုးတိုးတတ်မှု ကွန့်ဖရန့်အကူညီဖြင့် ကျင်းပလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly