NLD ၏ မဲစာရင်းစိစစ်ခြင်းကို ကော်မရှင်အဖွဲ့ခွဲများက တားဆီး၊ ခြိမ်းခြောက်၊ ပိတ်ပင်ခြင်းများအား ကန့်ကွက်ကြောင်း ထုတ်ပြန်

NLD ၏ မဲစာရင်းစိစစ်ခြင်းကို ကော်မရှင်အဖွဲ့ခွဲများက တားဆီး၊ ခြိမ်းခြောက်၊ ပိတ်ပင်ခြင်းများအား ကန့်ကွက်ကြောင်း ထုတ်ပြန်
ဇူလိုင်လ  ၄ ရက်က ၎င်း၏ မဲဆန္ဒနယ် ကော့မှူးမြို့နယ်အတွင်းတွင် မဲစာရင်းများ စစ်ဆေးနေသော NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ-သက်ကို)

ရန်ကုန် (မဇ္ဈိမ) ။ ။ မဲစာရင်းမှန်ကန်ရေးအတွက် မဲဆန္ဒရှင်များနှင့် အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  (NLD) က ပူးပေါင်းဆောင်ရွက် နေမှုအပေါ် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများက တားဆီး၊ ခြိမ်းခြောက်၊ ပိတ်မှုများ ပြုလုပ်နေခြင်းကို ကန့်ကွက်ကြောင်း NLD က ဇူလိုင် ၉ ရက် ရက်စွဲဖြင့်  ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် နှင့် ရွှေကြာပင်ကျေးရွာ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့က ယင်းနယ်မြေများအတွင်း NLD၏ မဲစာရင်းစိစစ်မှုလုပ်များကို ရပ်ဆိုင်းရန် ဇွန်လ ၂၀ရက်က စာအပြင် နုတ်ဖြင့်ပါ အသိပေးသည့်အပြင် ခြိမ်းခြောက်မှုများပင် ပြုလုပ်ခြင်းများရှိသဖြင့် ၎င်းတို့၏ ဆောင်ရွက်မှုများကို ပါတီမှ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ အမှတ် ၄ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ့များကလည်း အခြေခံမဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းကို ပိတ်ပင်တားဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများပင် ပြလုပ်ခဲ့သည်ဟုလည်း ထပ်မံပါရှိသည်။

ထိုသို့ ပိတ်ပင်တားဆီးမှုများ၊ မဲစာရင်းကူးယူခြင်းများကို ပိတ်ပင်တားဆီးခြင်းကြောင့် မှန်ကန်သည့် မဲစာရင်း ရရှိရေးကို အတားအဆီးဖြစ်နေသဖြင့် ယင်းကိစ္စရပ်များ ထပ်မံမဖြစ်ပေါ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံအဝှမ်းရှိ ကော်မရှင်အဖွဲ့ခွဲများသို့ စာထုတ်ပြန် အကြောင်းကြား ပေးရန် NLD ကတိုက်တွန်းသည်ဟု ထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကမူ ရွေးကောက်ပွဲနှင့် ပက်သက်သည့် သတင်းစာ ရှင်းလင်းပွဲများတွင်မူ မှန်ကန်သည့် မဲစာရင်းများရရှိရေးကို အရပ်ဖက်အဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ မဲဆန္ဒရှင်များ အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်သည်ဟု ပြောဆိုထားသည်။

NLD ကလည်း မှန်ကန်သည့် မဲစာရင်းရရှိရေးအတွက် ဗဟိုမှ စတင်ကာ ပါတီရုံးစိုက်ရာ မြို့နယ်များတွင် မဲစာရင်း စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းကာ မဲစာရင်းစိစစ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က "မဲစာရင်းဆိုတာ ရာနှုန်းပြည့်တော့ မမှန်ပေမယ့် ၉၀၊ ၉၀ကျော်အဲဒီလို ရာနှုန်းတစ်ခုတော့ မှန်ကန် မှဖြစ်မှာပါ။ မဲစာရင်းမှာ အဲဒီလိုမဟုတ်ဘဲ မဲစာရင်းကျန်ခဲ့ရင် သူရဲ့အမြင့်ဆုံးနိုင်ငံသား အခွင့်အရေးဆုံးရှုံးတာပဲလို့ သတ်မှတ် လို့ရတယ်" ဟု မဇ္ဈိမကို ဖြေကြားထားသည်။

မဲစာရင်းစိစစ်မှုများတွင် အခက်အခဲများရှိနေခြင်း၊ လုပ်ငန်းပမာဏ ကြီးမားမှုကြောင့် မဲစာရင်း စိစစ်မှုရက်ကို တိုးမြှင့်ပေးရန် လိုအပ်ကြောင်းလည်း NLDက တောင်းဆိုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်သည့် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ၈ရက် သတ်မှတ်မှတ် အရ ရွေကောက်ပွဲကျင်းပရန် ၄လသာ လိုအပ်တော့သည့် အချိန်ထိ အခြေခံမဲစာရင်း ပြုစုခြင်းတွင် ရာခိုင်နှုန်း ၃၀မှ ၈၀ထိ မှားယွင်းမှုများရှိနေသည်ဟု ဝေဖန်မှုများရှိနေသည်။

၂၀၁၄ခုနှစ် နိုဝင်ဘာလမှ စတင်ကာပြုစုခဲ့သည့် အခြေခံမဲစာရင်းပြုစုမှုအရ အခြေခံမဲစာရင်း ၂၉သန်းထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဗဟိုဆာဗာ (အချက်အလက်သိုမှီးရာ) အတွင်းသို့ ရောက်ရှိနေပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags