ကမ္ဘာအေး သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဝင်းရှိ ဆိုင်ခန်းများ တစ်ပတ်အတွင်း ဖယ်မပေးလျှင် အင်အားသုံး ဖယ်ရှားမည်

ကမ္ဘာအေး သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဝင်းရှိ ဆိုင်ခန်းများ တစ်ပတ်အတွင်း ဖယ်မပေးလျှင် အင်အားသုံး ဖယ်ရှားမည်
န်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာကို တွေ့မြင်ရစဉ်။ ၁၈ သြဂုတ် ၂၀၁၄။ ဓာတ်ပုံ ဘိုဘို။

ရန်ကုန်၊ သြဂုတ် ၉ ။             ။ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဝင်းအတွင်းရှိ ဆိုင်ခန်း ၂၀ ကို သြဂုတ်လ ၉ရက်နေ့မှ စတင်ကာ တစ်ပတ်အတွင်း ဖယ်ရှားမပေးပါက အင်အားသုံး ဖယ်ရှားသွားမည် ဖြစ် ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန အခွင့်ရ အာဏာပိုင် ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။

ရန်ကုန်တိုင်း လူမှုဝန်ထမ်းရုံး သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဝင်းအတွင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဆိုင်ခန်းရှင်တွေကို ပြောချင်တာက မိမိတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အညီ မိမိတို့ရဲ့ ပစ္စည်းတွေကို သယ်ပြီးတော့ အေးချမ်းစွာ ထွက်ခွာပေးစေလိုပါတယ်။ နောက် မိမိဂုဏ်သိက္ခာကို တန်ဖိုးထားမငဲ့ကွက်ဘဲ ဆက်လက်နေထိုင်မယ်ဆိုလို့ရှိရင် တရား ဥပဒေနဲ့ အညီ အင်အားသုံး ဖယ်ရှားဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ဦးအောင်ကျော်မိုးက ပြောသည်။

ယင်းကဲ့သို့ ဖယ်ရှားပေးရန် အမိန့်စာကို သြဂုတ်လ ၉ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဆိုင်/မြေ (၂၅) ခုရှိ ငှားရမ်းသူ (၂၁) ဦးနှင့် (၉.၄.၂၀၁၃) ရက်နေ့တွင် တွေ့ဆုံ၍ (၁၀.၆.၂၀၁၃) တွင် နောက်ဆုံးထား ဖယ်ရှားပေးရန်အကြောင်းကြားခဲ့ပြီး အဆိုပါ ဆိုင်/မြေ ၂၅ ခုအနက် ၅ခုသာ ဖယ်ရှားပေးခဲ့သည့်အတွက် ကျန် ဆိုင်/မြေ (၂၀) ခု အား ဖယ်ရှားပေးရန် (၉) ကြိမ်တိုင် နှိုးဆော်စာ ထုတ်ပြန်ခဲ့ကြောင်း ဦးအောင်ကျော်မိုးက ရှင်းလင်း ပြောသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ဆိုင်ခန်းငှားရမ်းသူများနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ တွေ့ ဆုံခဲ့ပြီး ဆိုင်ခန်းများပြောင်းရွေ့ရန်အတွက် ကြိုတင်ပြင်ဆင်ချိန် ၁ လ သတ်မှတ်ပေးကာ ဇူလိုင်လ ၂၆ရက်နေ့အပြီး ပြောင်းရွေ့ပေးရန် ဝန်ကြီးချုပ်က ဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ကို ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ အဓိက ခေါ်တုန်းက ဝန်ကြီးချုပ်က ကျွန်မတို့ကို ဌာနဆိုင်ရာနဲ့ ညှိနှိုင်းဖို့ ပြောလိုက်ပါတယ်။ ညှိနှိုင်းပြီး အချိန်ယူဖို့ တိုင်ပင်ဆွေးနွေးဖို့ ပြောပါတယ်။ ဒါပေမယ့် ဒီဘက်က ဌာန ဆိုင်ရာ လူကြီးတွေက ကျွန်မတို့ကို နောက်နေ့မှာချက်ချင်း ဖျက်သိမ်းဖို့ အမိန့်ထုတ်လိုက်တာပါ"ဟု ဆိုင်ခန်းငှားရမ်း သူ တစ်ဦး ဖြစ်သည့် ရွှေမိ မွေ့ယာဆိုင်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုးတွင်းကာလ ဖြစ်သည့်အတွက် ဆိုင်ခန်းများ ပြောင်းရွေ့ရာတွင်အဆင်မပြေကြောင်း ၊ ဆိုင်ခန်းငှားရမ်းသူများနှင့် ပြန် လည်ညှိနှိုင်းပေးစေလိုကြောင်း ဆိုင်ခန်းငှားရမ်းသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly