အပန်းဖြေခရီးထွက်ပြီး အိမ်ကိုပြန်လာရသလိုပါပဲဟု မန်ယူကစားသမားသစ် ပေါ့ဂ်ဘာ ပြောကြား

အပန်းဖြေခရီးထွက်ပြီး အိမ်ကိုပြန်လာရသလိုပါပဲဟု မန်ယူကစားသမားသစ် ပေါ့ဂ်ဘာ ပြောကြား

သြဂုတ် ၉၊ မန်ချက်စတာ ။         ။ မန်ယူအသင်းဟာ နောက်ဆုံးမှာတော့ သူတို့ရဲ့ကစားသမားဟောင်း ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူကစားသမားသစ်ပေါ့ဂ်ဘာက ဂျူဗင်တပ်စ်အသင်းမှာ လေးနှစ်ကြာ သွားကစားခဲ့ရတာက အပန်းဖြေခရီးထွက်ပြီး ကိုယ့်အိမ်ကိုယ်ပြန်လာရတဲ့ ပုံစံနဲ့တူတယ်လို့ မန်ယူအသင်းပိုင် TV နဲ့ ပထမဆုံးအင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

မန်ယူနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ပေါ့ဂ်ဘာဟာ တစ်ပတ်ကို လစာငွေ ပေါင် ၂၉၀,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

‘ရိုးရိုးသားသား ဝန်ခံရရင် စိတ်ခံစားမှုကို ပြောပြဖို့ စကားလုံးတောင်မရှိပါဘူး။ ကျွန်တော် ကာရင်တန်ကိုပြန်လာတယ်၊ အိမ်ကို ပြန်လာရသလိုပါပဲ။ ဘာနဲ့တူသလဲဆိုတော့ ကျွန်တော် အားလပ်ရက်အပန်းဖြေခရီးသွားပြီး အိမ်ကို ပြန်လာတဲ့ ပုံနဲ့တူပါတယ်။ အရင်ကလူတွေကို ပြန်တွေ့ရတော့ တကယ်ပျော်ပါတယ်။ ရိုးသားစွာပြောတာပါ။ တကယ်ကို မိုက်တဲ့ ခံစားမှုပါပဲ’ လို့ ပြောပါတယ်။

မန်ယူကို ဘာကြောင့်ပြန်လာတာလဲ။ ဘာလုပ်ဖို့ ပြန်လာတာလဲ လို့ မေးမြန်းခဲ့တာကိုတော့ ‘ဒါက ကံအကြောင်းတရားလို့ ထင်ပါတယ်။ ပထမဆုံး ကျွန်တော့်အမေက ပြောပါတယ်။ မန်ယူကို ပြန်သွားရလိမ့်မယ်လို့။ ကျွန်တော်အမေ့ကို ပြန်ပြောပါတယ်။ ဘာတွေဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူးလို့။ ကျွန်တော့်အတွက်ကတော့ ကျွန်တော့်လာခဲ့တယ်နေရာကို ပြန်လာရတဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒီအသင်းက ကျွန်တော့်ကစားသမားဘဝစခဲ့တဲ့နေရာ၊ ကျွန်တော်ကြီးပြင်းခဲ့တဲ့နေရာပါ။ ဒီနေရာမှာ ကျွန်တော်အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အရာအားလုံးကို အဆုံးသတ်မယ်ဆိုပြီး ပြန်လာခဲ့တာပါ။’ လို့ ဖြေခဲ့ပါတယ်။

မန်ယူအသင်းရဲ့ နံပါတ် ၆ ကစားသမားသစ်က ဂါရတ်ဘေးရဲ့ ပြောင်းရွှေ့ကြေးစံချိန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့ပေမဲ့ သူ့ရဲ့အရည်အချင်းကို ကွင်းထဲမှာ သက်သေပြဖို့သာ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပါတယ်။

‘ကွင်းထဲက အကြောင်းတစ်ခုတည်းကိုပဲ တွေးပါတယ်။ ကျွန်တော်အကောင်းဆုံးခြေစွမ်းနဲ့ ကစားချင်ပါတယ်။ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ချင်ပြီး ဆုဖလားတွေ ရရှိလိုပါတယ်။ ဒါကြောင့် ဒီကို လာခဲ့တာပါ။ မန်ယူက ဆုဖလားတွေအများကြီး ရခဲ့ပြီး ဆုဖလားတွေထပ်ရဖို့၊ ခမ်းနားတဲ့ အောင်မြင်မှုတွေရဖို့ လုပ်နေတယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ဒီအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ အောင်မြင်မှုတွေအတွက် အလုပ်ကြိုးစားလုပ်ဖို့ အသင့်ပါပဲ’

ပေါ့ဂ်ဘာက ဂျူဗင်တပ်စ်အသင်းမှာ အမှတ်ပေးဖလား လေးကြိမ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ကစားခွင့်ရခဲ့တာက ကစားသမားတစ်ဦးအနေနဲ့သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့ပြီလို့ ယုံကြည်နေပါတယ်။

‘ကျွန်တော်က ငယ်ရွယ်ပါသေးတယ်။ အခု အရပ်လည်းပိုရှည်လာပြီး ခန္ဓာကိုယ်လည်းပိုပြီး ဖွံ့ဖြိုးလာပါပြီ။ ယူနိုက်တက်က ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေခဲ့တာပါ။ ဒါကြောင့် ဒီကို ပြန်လာခဲ့တာပါ။ ကျွန်တော်ပျော်ပါတယ်။ တကယ်ပျော်ပါတယ်။’

‘ကျွန်တော်ဂျူဗင်တပ်စ်မှာ ဆုဖလားတွေရခဲ့ပါတယ်။ အတွေ့အကြုံလည်း အများကြီး ပိုရှိလာပါပြီ။ ထိပ်သီးကစားသမားတွေနဲ့လည်း တွဲကစားခဲ့ရပါတယ်။ အခုအရွယ်ရောက်တဲ့ ကစားသမားအနေနဲ့ ကစားပွဲတွေအများကြီး ကစားခဲ့ပြီး အတွေ့အကြုံအသစ်တွေနဲ့အတူ ပြန်ရောက်လာခဲ့ပါပြီ။ ဒါက အရင်ကနဲ့ တကယ်ကို ကွဲပြားခြားနားပါတယ်’ လို့ ပေါ့ဂ်ဘာက မန်ယူ TV ကို ပြောဆိုခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly