မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းပါသည့် ကျေးရွာများထဲက ရွာ ၆ရွာမှ ဒေသခံ ၁၀၀ကျော် မန္တလေးမြို့ပေါ်တက် ဆန္ဒပြ

မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းပါသည့် ကျေးရွာများထဲက ရွာ ၆ရွာမှ ဒေသခံ ၁၀၀ကျော် မန္တလေးမြို့ပေါ်တက် ဆန္ဒပြ
 မြို့သာစီမံကိန်းဒေသတွင်း ပါသည့် ဒေသခံများက မန္တလေးမြို့တွင် ဇူလိုင် ၁၀ရက်က ဆန္ဒပြစဉ်။ (ဓာတ်ပုံ-ဘိုဘို)

မန္တလေး (မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ် တည်ဆောက်ရေးစီမံကိန်းအတွင်း ပါဝင်သည့် ကျေးရွာ ခြောက်ရွာက တောင်သူ ၁၀၀ကျော်က လယ်ယာမြေလျော်ကြေးကို ကာလပေါက်ဈေးဖြင့် ရရှိရေးအတွက် ဇူလိုင် ၁၀ရက် နံနက် ၁၀နာရီက မန္တလေးမြို့သို့ တက်ကာ ဆန္ဒပြ တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့က တိုင်းဒေကြီး အစိုးရအဖွဲ့ရုံးရှေ့မှာပြဖို့ အောင်မြေသာစံမြို့နယ်မှာ စာတင်တယ်။ အဲဒီနေရာကိုမပေးဘဲ မဟာအောင်မြေ မြို့နယ်ထဲမှာရှိတဲ့ လူထုဟစ်တိုင်မှာ ခွင့်ပြုပေးတယ်။ ကျွန်တော်တို့က ပြုတဲ့နေရာမှာပဲ ဥပဒေနဲ့အညီပဲ ပြတယ်။ အဓိက ကတော့အစိုးရအဖွဲ့သိသွားဖို့ပဲ။" ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့်  ကိုမျိုးဝင်းကပြောသည်။

ဆန္ဒပြရာတွင် ငါန်းဇွန်မြို့နယ်ရှိ စီမံကိန်း ဧရိယာအတွင်း ပါသည့် သံဗိုကျေးရွာ၊ ပေါက်စိမ်းကျေးရွာ၊ တောင်အောက်ကျေးရွာ၊ ရွာစိုက်ကျေးရွာ၊ လိပ်ဝပ်တောကျေးရွာနှင့် လက်ပံပြန့်ကျေးရွာတို့မှ ဒေသခံများ ပါဝင်သည်။

တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် တည်ဆောက်သည့် မြို့သာ စက်မှုဥယျာမြို့တော်စီမံကိန်းကို ၂၀၁၂ခုနှစ်တွင် မန္တလေး မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမီတက်(MMID)က ကျေးရွာပေါင်း ၁၆ရွာမှ လယ်ယာမြေ စုစုပေါင်း ဧကတစ်သောင်းကျော် သိမ်းယူ၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်သည်။

ထိုကျေးရွာများရှိ ဒေသခံများအား မြေယာလျော်ကြေး ပေးရာတွင်လည်း ညီမျှမှု မရှိဟုဆိုပြီး အငြင်းပွားလျက်ရှိနေရာ ကျေးရွာအချို့က လျော်ကြေးလုံးဝမယူဘဲ စိုက်ပျိုးမြေများ ပြန်လည်ပေးအပ်ရန် (သို့မဟုတ်) မြေယာလျော်ကြေးကို ကာလပေါက်ဈေးအတိုင်း ပေးလျော်ရန် တောင်းဆို ဆန္ဒပြခြင်း ဖြစ်သည်။ 

“ကျွန်မတို့က သူတို့ပေးတဲ့လျော်ကြေးယူပြီး ဘယ်သွားနေ ဘာလုပ်စားရမှာလဲ။ သူတို့ပေးတဲ့ငွေက မြေအစားပြန်ဝယ်လို့မရဘူး။ဒါကြောင့်မယူဘူး။ ကာလပေါက်ဈေးနဲ့ပဲ လျော်စေချင်တယ်။ ကျွန်မတို့ဘဝတွေကို ပြန်ငဲ့ကြည့်စေချင်တယ်။"ဟု ဆန္ဒပြရာတွင် ပါဝင်သူ မရီလွင်က ပြောသည်။

သိမ်းဆည်းသည့် လယ်ယာမြေများအတွက် လျော်ကြေးပေးရာတွင် လယ်မြေ တစ်ဧက ၁၅ သိန်းနှင့် ယာမြေ တစ်ဧက ၅ သိန်းသာ ပေးလျော်နေခြင်းကြောင့် ဒေသခံအများစုမှာ လျော်ကြေးများမယူဘဲ ကန့်ကွက်နေကြခြင်းလည်း ဖြစ်သည်။ အချို့ဒေသခံများသည် သိမ်းဆည်းခံ လယ်ယာမြေပေါ်တွင် ဝင်ရောက် စိုက်ပျိုးမှုကြောင့် ဖမ်းဆီး၊ တရားစွဲ ခံရမှုများလည်း ရှိနေသည်ဟု ဆန္ဒပြသည့် ဒေသခံများက ပြောသည်။ 
 
စီမံကိန်းမှ သိမ်းဆည်းထားသော လယ်ယာမြေများအား ဒေသခံများမှပြန်လည်ဝင်ရောက်စိုက်ပျိုးရာတွင်လည်း ဝင်ရောက်စိုက်ပျိုးသော ဦးဆောင်သူ ၁၀ ဦးကို ပုဒ်မ ၁၄၇၊ ၁၄၃၊ ၄၄၇၊ ၄၂၇နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသည်ဟု တရားစွဲဆိုခံထားရသူများထဲမှ တစ်ဦးဖြစ်သူ သံဗိုကျေးရွာမှ ကိုသန်းစိုးက ပြောသည်။
 
ဆန္ဒပြတောင်းဆိုသူများသည် မြို့သာစက်မှုဇုံ စီမံကိန်းမြေ ဘယ်သူ့မြေလဲ....(ငါတို့မြေ၊ငါတို့မြေ)၊ နစ်နာကြေးငွေ ကာလပေါက်ဈေးရရှိရေး ..... (ဒို့အရေး၊ဒို့အရေး)၊ ဒေသခံတောင်သူများ ဖမ်းဆီးဖိနှိပ် အနိုင်ကျင့်မှုများ.... (ချက်ခြင်းရပ်၊ချက်ခြင်းရပ်)၊မြို့သာစက်မှုဇုံစီမံကိန်းအပေါ် ဝိသမလောဘသမားများ...... (အလိုမရှိ၊အလိုမရှိ)၊ တရားဥပဒေစိုးမိုးရေး....(ဒို့အရေး၊ဒို့အရေး)ဟူ၍ ကြွေးကြော်ကြသည်။

လယ်ယာမြေများအား ကာလပေါက်ဈေးဖြင့် ပေးလျော်ရန်အတွက် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် တစ်ကြိမ် ၊၂၀၁၅ခုနှစ်၊ဇန်နဝါရီလ ၅ ရက်တွင် တစ်ကြိမ် မြို့သာမြို့ပေါ်တက်၍ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မပေး၍ ယခု တတိယအကြိမ်အဖြစ် မန္တလေးမြို့ပေါ်တက်၍ ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်။
 
ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုပြီး တစ်လအတွင်း အကြောင်းမထူးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် ထိုင်သပိတ်ပြုလုပ်ကာ တောင်းဆိုသွားမည်ဟု ဦးဆောင်သူ ကိုမျိုးဝင်းက ပြောသည်။
 
်မန္တလေးမြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမီတက်(MMID)မှ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က “တိုင်းဒေသကြီးလမ်းညွှန်မှုနဲ့ လျော်ကြေးပေးတာပါ။ ရွာအတော်များများက ယူပြီးနေပါပြီ။ မယူသေးတဲ့ရွာတွေကိုလည်း ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်" ဟုပြောသည်။

လျော်ကြေးမယူသေးသော ဒေသခံတောင်သူများအနေဖြင့် ကာလပေါက်ဈေး နှင့် အနီးစပ်ဆုံး ညှိနှိုင်းမှုများပြုလုပ်ပါက လက်ခံသွားမည်ဟု ဆန္ဒပြသူများကဆိုသည်။ အဆိုပါ စီမံကိန်းနယ်မြေ ပတ်ဝန်းကျင်တွင် လယ်မြေတစ်ဧက သိန်းတစ်ရာမှ သိန်းတစ်ထောင်အထိ ဈေးပေါက်သည်ဟုလည်း ဆန္ဒပြသူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly