ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်ချုပ်တို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ကိစ္စဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်ချုပ်တို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ကိစ္စဆွေးနွေး
(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

ရန်ကုန်၊ သြဂုတ် ၈ ။                 ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် သြဂုတ် ၈ရက် မွန်းလွဲ ၂ နာရီခန့်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ကြသည်။

ယင်း တွေ့ဆုံပွဲတွင် ကချင် နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ အမျိုးသား ပြန် လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ပင်လုံ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးပွဲကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့် စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယင်းအစည်းဝေးတွင် ပြည်ထောင်စု ငြိမ်း ချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို သြဂုတ်လ ၃၁ ရက်နေ့တွင် စတင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly