ဂါဘရီရယ် ဒဏ်ရာရသွားသည့်အတွက် အာဆင်နယ်အသင်း ခံစစ်ပြဿနာ ကြုံတွေ့နေ

ဂါဘရီရယ် ဒဏ်ရာရသွားသည့်အတွက် အာဆင်နယ်အသင်း ခံစစ်ပြဿနာ ကြုံတွေ့နေ

သြဂုတ် ၈ ။                ။ မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် နောက်ခံကစားသမား ဂါဘရီရယ် ဒဏ်ရာရရှိသွားသည့်အတွက် အာဆင်နယ်အသင်းမှာ ရာသီသစ်မစတင်ခင်မှာပင် ခံစစ်ပြဿနာနှင့်ကြုံတွေ့နေရပြီဖြစ်သည်။

လက်ရှိ အာဆင်နယ်အသင်းတွင် မာတီဆက်ကာမှာ ဒဏ်ရာရနေပြီး ကိုစီရယ်နီမှာလည်း လေ့ကျင့်ခန်းပြန်ဆင်းခြင်းမရှိသေးပေ။ ယခု ဂါရီရယ်ပါ ဒဏ်ရာရသွားသည့်အတွက် အာဆင်နယ်အသင်းသည် လီဗာပူးလ်အသင်းနှင့် ကစားရမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အတွက် ခံစစ်ပြဿနာနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည့် ထိုပွဲတွင် ဂါဘရီရယ်သည် မန်စီးတီးတိုက်စစ်မှူး အိုင်ဟီအာနာချိုနှင့် ထိခိုက်မိပြီး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

‘ဂါဘရီရယ်ရဲ့ ဒဏ်ရာက နာမည်တပ်လို့ မရသေးပါဘူး။ သူနာကျင်နေပါတယ်။ ဒဏ်ရာအခြေအနေမဆိုးရွားဖို့ပဲ ဆုတောင်းရမှာပါ။ ဒီထက်ပိုပြီး ဘာမှ ပြောလို့မရသေးပါဘူး။

ကျွန်တော် ခဏခဏပြောပါတယ်။ ကျွန်တော်တို့က ဈေးကွက်ထဲမှာ ရှိနေပါသေးတယ်လို့။ ဒါပေမဲ့ တကယ်တမ်းတော့ ဈေးကွက်ထဲမှာ လူရှာရတာ ကျွန်တော်တို့အတွက် မလွယ်ပါဘူး။ ဂါဘရီရယ်ရဲ့ သတင်းကောင်းကိုပဲ မျှော်လင့်ပါတယ်’ ဟု အာစင်ဝင်းဂါးက ပြောသည်။

လက်ရှိအာဆင်နယ်အသင်း၏ ခံစစ်အတွင်းလူနေရာအတွက် ချမ်ဘာနှင့် ကစားသမားသစ်ဟိုးဒင်းတို့နှစ်ဦးသာ အဆင်သင့် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags