သမ္မတအမိန့်ကို ဖီဆန်ကာ တောင်ကိုရီးယားအမတ်များ ဒုံးခွင်းဒုံး ဖြန့်ကျက်မည့်ကိစ္စဆွေးနွေးရန် တရုတ်သို့ သွားရောက်

သမ္မတအမိန့်ကို ဖီဆန်ကာ တောင်ကိုရီးယားအမတ်များ ဒုံးခွင်းဒုံး ဖြန့်ကျက်မည့်ကိစ္စဆွေးနွေးရန် တရုတ်သို့ သွားရောက်

သြဂုတ် ၈ ။           ။ တောင်ကိုရီးယား အတိုက်အခံပါတီမှ အမတ်များသည် သမ္မတ၏ သဘောတူခွင့်ပြုချက်မရဘဲ နိုင်ငံတွင် ဒုံးခွင်းဒုံး ဖြန့်ကျက်မည့်ကိစ္စ ဆွေးနွေးရန် တရုတ်နိုင်ငံသို့ သြဂုတ် ၈ ရက်က ထွက်ခွာသွားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားအစိုးရသည် နိုင်ငံတွင် အမေရိကန် ဒုံးကျည်ကာကွယ်ရေး စနစ် ဖြန့်ကျက်ရန် စီစဉ်နေလျက်ရှိရာ ယင်းကိစ္စရပ်အပေါ်  ပေကျင်းအစိုးရက အပြင်းအထန် ကန့်ကွက်ထားခဲ့သည်။

ယခုကဲ့သို့ တရုတ်သို့ လွှတ်တော်အမတ်များ သွားရောက်ဆွေးနွေးခြင်းက ဒုံးခွင်းဒုံး စနစ်ဖြန့်ကျက်မည့်အစီအစဉ်ပေါ် ပေကျင်းအစိုးရ၏ ကန့်ကွက်ထားမှုအပေါ် အားပေးရာရောက်ကြောင်းနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံသဘောကွဲလွဲမှုကို ပိုမိုနက်ရှိုင်းသွားစေနိုင်သည့်အတွက်ကြောင့် တရုတ်ခရီးစဉ် ဖျက်သိမ်းရန် သမ္မတ ပက်ဂွမ်ဟေးက အဆိုပါအတိုက်အခံအမတ်များကို တိုက်တွန်းပြောကြားခဲ့သည်။

နျူကလီးယား နှင့်ဒုံးကျည်စမ်းသပ်မှု အစီအစဉ်များလုပ်ဆောင်နေသော မြောက်ကိုရီးယား၏  ခြိမ်းခြောက်နေမှုကို တုန့်ပြန်ရင်ဆိုင်ရန် အမေရိကန်ဒုံးခွင်းဒုံးစနစ်ကို နိုင်ငံတွင် ဖြန့်ကျက် ထားရှိရန် တောင်ကိုရီးယားအစိုးရက ဆုံးဖြတ်အတည်ပြုထားသည်။

သို့သော် ယင်းစနစ် ဖြန့်ကျက်မှုက မိမိတု့ိ နိုင်ငံ၏ လုံခြုံရေးအပါအဝင် ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေခြင်းကြောင့် သဘောမတူကြောင်း တရုတ်အစိုးရက ပြစ်တင်ကန့်ကွက်ခဲ့သည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှာ တောင်ကိုရီးယား၏ အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်နေသည့်အပြင် မြောက်ကိုရီးယား၏ နျူလုပ်ဆောင်ချက်များကို ထိန်းချုပ်ရာတွင် အဓိက ပူးပေါင်းပါဝင်ပေးနေ သူဖြစ်နေခြင်းကြောင့် တရုတ် - တောင်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးကောင်းများ ပျက်စီးမည့်အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲနေကြခြင်းဖြစ်သည်။

ယခု တရုတ်ခရီးစဉ်ကို ဦးဆောင်သွားသော လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ကင်မ်ယောင်ဟိုက ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ လက်ရှိအခြေအနေများကို တည်ငြိမ်စေရန်သာဖြစ်ကြောင်း ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly