အင်းလေးကန်က ဟိုတယ် အောက်တိုဘာတွင် ဖွင့်မည်

အင်းလေးကန်က ဟိုတယ် အောက်တိုဘာတွင် ဖွင့်မည်

ကမ္ဘာလှည့်ခရီးသွားလာရောက်မှုများရာ နေရာများမှ တစ်နေရာဖြစ်သည့် အင်းလေးကန်အနီးရှိ အခန်း ၉၄ ခန်းပါ Sanctum Inle Resort ဟိုတယ်ကို အောက်တိုဘာ ၁ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သြဂုတ် ၂ ရက် သတင်းထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

“အင်းလေးကန်ဒေသမှာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ဟိုတယ်ဖွင့်လှစ်တာပါ။”ဟု အထွေထွေမန်နေဂျာဖြစ်သူ Philipe Arnaud က ပြောသည်။

အကျယ်အဝန်း ၁၂၀ စတုရန်းကီလိုမီတာရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၀၀ တွင် ရှိသော အင်းလေးကန်သည် ရေပေါ်အိမ်များ၊ ရေမြောကျွန်းစိုက်ပျိုးမှုများနှင့် အတူ အင်းသားများ၏ လှေကို ခြေတစ်ဖက်တည်းဖြင့် မတ်တပ်ရပ် လှော်ခတ်မှု ပုံစံတို့ကြောင့် ထင်ရှားသည့် ကန်ဖြစ်သည်။

ယခု ဟိုတယ်တွင် အခန်းအမျိုးအစား လေးမျိုးပါရှိသည်။ စတုရန်းမီတာ ၄၀ မှ ၁၅၀ အထိ အရွယ်အစားရှိ အခန်းများဖြစ်သည်။

ရှမ်းစာနှင့် အနောက်တိုင်းစာ တည်ခင်းဧည့်ခံနိုင်သော ထမင်းစားခန်းမကျယ်လည်း ပါရှိသည်။ ရှမ်း၊ အင်းသားနှင့် ပအို့ဝ်ရိုးရာ အကဂီတများဖြင့်လည်း ဖျော်ဖြေသွားမည့် အစီအစဉ်များလည်း ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly