ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့် နှင့် 7 minutes

07 August 2016
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့် နှင့် 7 minutes

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ အရင်အစိုးရလက်ထက်က မူအားဖြင့် တည်ဆောက်ခွင့်ပြုထားတဲ့ အဆောက်အဦးပေါင်း ၁၈၅ လုံးကို ပြန်လည်စီစစ်နေတဲ့ကာလမှာ ရပ်နားထားဖို့ဆိုပြီး   မေလက နိုင်ငံပိုင် သတင်းစာမှာ ထုတ်ပြန်ကြေညာခဲ့သလို အကောင်အထည်ဖော်နေတဲ့ အထပ်မြင့် အဆောက်အဦး ၁၂ လုံးကိုလည်း အထပ်တွေ လျော့ချဖို့ ညွှန်ကြားထားတာတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အခုချိန်ထိ ဆောက်လုပ်ရေးလောကမှာ ဂယက်တွေ ပွတ်ပွတ်ညံနေဆဲဖြစ်ပြီး လုပ်ငန်းရှင်တွေဘက်ကလည်း ထိခိုက် နစ်နာတာတွေ ရှိတဲ့အတွက်ကြောင့် တိုင်းဒေသကြီး အစိုးရမှာ ပြေလည်မှု မရရှိဘူးဆိုရင် ပြည်ထောင်စုအစိုးရ အဆင့်ထိ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ချို့က ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးမှုကိုတော့ 7 minutes အစီအစဉ်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်နဲ့အတူ ကိုအောင်သူရက ဆွေးနွေးထားပါတယ်။

ဒီအခြေအနေက ကျွန်တော်တို့နိုင်ငံရဲ့ သွားနေတဲ့ နိုင်ငံရေးအတွက်ကော စီးပွားရေးအတွက်ကော အကျိုးသက်ရောက်မှုက ဘယ်လောက်ထိ ရှိမလဲလို့ သုံးသပ်လဲခင်ဗျ။

ကျွန်တော်တို့ကတော့ အစိုးရသစ်ကို ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်ဆိုတာက ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ထားတာပေါ့နော်။ ကြိုဆိုတယ် မျှော်လည်း မျှော်လင့်ပါတယ်။ မျှော်လင့်တယ်ဆိုတာကတော့ ပဒေသာပင် မြေကပေါက်သလို နေ့ချင်းညချင်း ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချင်းနဲ့ မျှော်လင့်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သုံးလေးလ ဆိုတာကလည်း ကျွန်တော်တို့ ပြောမယ်ဆိုရင် လေးလ ပြည့်တော့မယ်။ လေးလဆိုတာကလည်း နှစ်တစ်ခုရဲ့ သုံးပုံပုံ တစ်ပုံ ဖြစ်သွားပြီပေါ့။ ငါးနှစ် သက်တမ်းနဲ့ တွက်မယ်ဆိုရင်တော့ ၁၅ ပုံ တစ်ပုံပေါ့။ 6.7% လောက် ဖြစ်နေပြီ။ ဒီ % မှာ ကြည့်လိုက်ရင်တော့ ကျွန်တော်တို့ တကယ်တမ်း စီးပွားရေးအရကော လိုအပ်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ လေးလဆိုတာကလည်း ရက် ၁၀၀ ဆိုတဲ့ကာလက မနည်းဘူး။ အဲမှာမှ ကျွန်တော်တို့ ဒီ အထပ်မြင့် ရပ်လိုက်တဲ့အပေါ်မှာ ကျွန်တော်က စိတ်ထဲမှာ ကိုယ့်စီးပွားရေး ထိခိုက်လို့ မြင်တာမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ စီးပွားရေးအနေနဲ့ပါ ကျွန်တော်တို့ လှမ်းမျှော်ကြည့်တာပါ။ ရန်ကုန်မြို့ဆိုတာက မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ပါ။ လူဦးရေမှာလည်း ရန်ကုန်မြို့မှာ သန်း ၅၀ ကျော်မှာ ရန်ကုန်မြို့မှာက ၇ သန်းလောက် မှီတည်း နေထိုင်ကြတယ်။ အဲအခါကျတော့ ဒီ အထပ်မြင့်အဆောက်အဦတွေကို ကျွန်တော်တို့ စီစစ်ရေးအဖွဲ့ မဖွဲ့ပဲနဲ့ တပြိုင်တည်းပေါ့ ၁၈၅ + ၁၂ လုံးပေါ့။ အလုံး ၂၀၀ နီးနီး ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ ကိစ္စကြီးက ဒါ တော်တော်လေး စီးပွားရေး ထိုးနှစ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီလောက် နှစ်နဲ့ချီပြီး တစ်လုံးကို ခက်ခက်ခဲခဲနဲ့ လုပ်ခဲ့ရတာ ဒီ အလုံး ၂၀၀ လောက်ကို တစ်လ နှစ်လလောက်နဲ့ တစ်လ နှစ်လုံ လုံးလုံးလည်း ကျွန်တော်တို့ စိစစ်တာမဟုတ်ဘူး။ တစ်လနှစ်လရဲ့ အချိန်ပိုင်းလေးအတွင်းမှာ စိစစ်ပြီးတော့ ဖြတ်တောက်ခံရတယ်ဆိုတာက ဒါ အများကြီး။

ဒါဆိုရင် ကျွန်တော် စကား ဖြတ်ပြောပါဦးမယ်။ တိုင်းဒေသကြီး အစိုးရက သက်တမ်းနုသေးတယ်ပေါ့နော်။ ဒါပေမယ့် သိရှိနားလည်မှုအပိုင်းနဲ့  ဒီအပေါ်မှာ စီမံခန့်ခွဲရေးအပိုင်းမှာက အားနည်းနေပြီလို့ ဆရာတို့ ပြတ်ပြတ်သားသားမြင်လား။ လုပ်ငန်းရှင်အနေနဲ့ ဦးမျိုးမြင့်တို့အနေနဲ့။

ကျွန်တော်ကတော့ စီမံခန့်ခွဲရေးအပိုင်း အားနည်းတယ်လို့ ပြတ်ပြတ်သားသား မြင်တယ်။ ဘာလို့လဲဆိုတော့ တကယ် စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ လုပ်မယ်ဆိုရင် ဥပမာ ကျွန်တော်တို့အလုပ်ကို ကြည့်မယ်ဗျာ မေ ၁၄ ရက်မှာ ရပ်တယ်။ ပြီးတော့မှ ဇွန် ၁၇ ရက်မှ အဖွဲ့ဖွဲ့တယ်။ အဲဒါကို ကြည့်ချင်းအားဖြင့် Management အောက်တယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ကို မရပ်ခင် အဖွဲ့အရင်ဖွဲ့ အဖွဲ့ဖွဲ့ပြီးတော့မှ ရပ်ချင်ရင် ရပ်ပေါ့။

ဒါဆိုရင် ဒီဟာက တိုင်းဒေသကြီး အစိုးရအပေါ်မှာပဲ တာဝန်ရှိတာလား။ ဗဟိုအစိုးရမှာလည်း တာဝန်ရှိလား။

ဒီဟာ ပြောရမယ်ဆိုရင်တော့ တိုင်းဒသကြီးအစိုးရက သူ့ဘာသာသူ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ရှိတယ်လို့ ထင်တယ်။

ဒါပေမယ့် တိုင်းဒေသကြီးကလည်း ပြောတယ်ခင်ဗျာ။ တာဝန်ရှိသူတစ်ဦးပေါ့။ ကျွန်တော် နာမည်တော့ မပြောတော့ဘူး။ တိုင်းဒေသကြီးအနေနဲ့ကလည်း ဆုံးဖြတ်ချက် မချနိုင်ဘူးလို့ ပြောတယ်ခင်ဗျ။

အဲဒါတွေကကျတော့ သူတို့ရဲ့ အတွင်းစည်းဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ကတော့ မမြင်ဘူးပေါ့။ တိုင်းဒေသကြီးက ဆုံးဖြတ်တာဖြစ်တဲ့အတွက် လက်ရှိကတော့ ဒါ တိုင်းဒေသကြီးရဲ့ လိုအပ်ချက် အားနည်းချက်လို့တော့ ကျွန်တော်တို့က မြင်တယ်။

အကယ်၍ တိုင်းဒေသကြီးအစိုးရက ဒီအတိုင်းပဲ ဆက်လုပ်သွားမယ်ဆိုရင် ဗဟိုအစိုးရဆီကို တက်ဖို့ ရှိလား။

ရှိပါတယ်။ ဒါ ဗဟိုအစိုးရတို့ နိုင်ငံတော် အတိုင်ပင်ခံပဂ္ဂိုလ်တို့အထိ ကျွန်တော်တို့ တင်ပြ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဒါ နောက်လုပ်မယ့်ဟာဆိုရင်တော့ ဒီ မူသစ်တွေနဲ့ လိုက်နာမှာပေါ့။ အဲလိုမျိုး မဟုတ်လို့ရှိရင် ကျွန်တော်တို့က တကယ်တမ်း ဒီလိုကြီးပဲ တင်းခံနေမယ် တစ်ဖက်နဲ့ တစ်ဖတ် ဆိုရင်တော့ ဘာပဲပြောပြော မလိုလားဘူးပေါ့ ဒီအခြေအနေကိုတော့။

ဗဟိုအစိုးရကိုယ်တိုင်ကရော တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ထုံးနဲ့ သတ်မှတ်ချက်အတိုင်းကို ခွင့်ပြုလိုက်မယ်ဆိုရင်ရော။

အဲဒါကတော့ တကယ်တော့ လူကြီးတွေအနေနဲ့ ှဂဃနဏ လေ့လာစုံစမ်းသင့်ပါတယ်။ အခု ဘာလို့လဲဆိုရင် ကျွန်တော်တို့ရဲ့ အခြေအနေတောင် ကျွန်တော်တို့ သတင်းစားရှင်းလင်းပွဲ လုပ်ရတဲ့ ရည်ရွယ်ချက်သည် ကျွန်တော်တို့နဲ့ ပြည်သူတွေကို ထိပ်တိုက်တွေ့စေချင်တဲ့ သဘော နည်းနည်းဆန်ပါတယ်။ ဘာလို့လဲဆိုတော့ Save The Yangon ရန်ကုန်မြို့ကြီးကို ကယ်တင်မယ်လို့ သုံးလိုက်တဲ့ အသုံးအနှုန်းက အကြီးကြီးပါ။ နောက်တစ်ခါကျတော့ Enviroment ထိခိုက်အောင် လုပ်တယ်။ ကျွန်တော်တို့ကြောင့် ကားတွေကြပ်သွားတယ်။ ရေတွေကြီးသွားတယ်။ ရေကြီးတာသည် ဒီအဆောက်အဦး မဆောက်ခင်ကတည်းက အခုလည်း ရပ်ထားတယ်။ မိုးရွာရင် ရေမလျှံလို့လား လျှံနေတာပဲ။ အခုလည်း ရပ်ထားတယ်။ သူတို့ပြောတဲ့ ခွင့်ပြုတဲ့အထပ်ထိတောင် မဆောက်ရသေးဘူး။ ကားတွေ မကျပ်ဘူးလား ကျပ်နေတာပဲ။

ပိုဆိုးသွားမှာ စိုးလို့များ ပြောတာလား။

ပိုဆိုးသွားမှာလို့ဆိုတာက ဒီ အလုံး ၁၀၀-၂၀၀ လေးနဲ့ အစိုးရသည် ကားကျပ်တာ ဘေးနိုင်ငံတွေလည်း အဆောက်အဦးက သူ့ဘာသာသူ ဆောက်နေတာပဲ ကျွန်တော်တို့ အလုံး ၁၀၀-၂၀၀ ပီးလို့ ဒီမှာ အခန်း ဥပမာ ၁၀၀၀ လျော့သွားတယ်ဆိုပါတော့ အဲရန်ကုန်မြို့က ဘယ်တော့မှ အထပ် ထပ်ဆောက်မပေးတော့ဘူးလား။ ရန်ကုန်မြို့ကြီး ဒီအတိုင်း ထားတော့မှာလား ကျွန်တော် မေးချင်တာကတော့ ဥပမာ ကျွန်တော်တို့ ဒီအလုံးတွေကို ပေးဆောက်လိုက်ပြီ နောက်အလုံးတွေကို လျော့ဆောက်လိုက်ရင်ရော Valance မညီမျှဘူးလား ထိခိုက်မှု အနည်းဆုံး မဖြစ်ဘူးလား။ နောက် ပုံမှန် သူ့ဘာသာသူ လည်ပတ်နေတာကရော လည်ပတ်မှုမဖြစ်ဘူးလား။ ဒီလို စဉ်းစားလည်း ရပါတယ်။

အဲ့တော့ တိုင်းဒေသကြီးအစိုးရအနေနဲ့က ဦးမျိုးမြင့်ပြောသလို Save The Yangon တို့ သဘာဝပတ်ဝန်းကျင်ကြီး ထိန်းသိမ်းဖို့ဘာတို့ ပြောလာတယ်။ ကျွန်တော် တစ်ချက်တွေ့လိုက်တယ်။ ပြည်သူကို လှည့်တိုက်တယ်ဆိုတဲ့ သဘောမျိုး ဒီလိုမျိုးတွေ့ရတယ်။ လုပ်ငန်းရှင်တွေဘက်က ပြောတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ အလေ့အထအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းကို   ပြည်သူတွေအနေနဲ့က တော်တော်များများကို (အခြေခံလို့ပဲ သုံးသပ်ပါမယ်။) အမြင်မကြည်တာတွေ ရှိတယ်ခင်ဗျာ။ ဆိုတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒီဟာက လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေကြားမှာ လှည့်ကွက် တိုက်ကွက်က အောင်မြင်နေတယ်လို့ အောင်မြင်တယ်လို့ ယူဆလားခင်ဗျာ။

ထိုက်သင့်သလောက် တကယ် သေချာတွေးတက်တဲ့သူတွေက တွေးလို့ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေကျရင် ပြည်သူတွေက Comment တွေ တက်လာတာပေါ့။ ခရိုနီတွေဘာတွေ ခရိုနီတွေက အခုခေတ်မှာ မရှိတော့ပါဘူး။ ရှင်းရှင်းပြောရရင် သူတို့ဘာသာ သူတို့ အေးအေးဆေးဆေး ဖြစ်နေပါပြီ။ အခုလုပ်နေတဲ့သူတွေသည် ဒီ အစိုးရသစ်လက်ထပ် ဒါမှမဟုတ် ရှေ့အစိုးရ တစ်ဆက်ကြားမှာသာ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ ပေါ်ထွက်လာပြီလို့ ယူဆပြီးတော့ လုပ်ကြတဲ့အလုပ်ပါ။ ကျွန်တော်တို့အရပ်သားမှာလည်း အားလုံး မကောင်းနိုင်ကြပါဘူး။ ဒါတော့ ခွဲခြားပြီးတော့ မြင်ရမှာပဲ။ ကျွန်တော်တို့အားလုံးလည်း ကောင်းတယ်လို့ မမြင်ပါဘူး။ ဆိုးတဲ့သူလည်း ဆိုးတာတော့ ရှိပါတယ်။ သို့သော်လည်း ဒီ ကန်ထရိုက်တာတွေ မှန်သမျှ မကောင်းဘူးဆိုရင် ဟိုအရင်လက်ထပ်တုန်းက နိုင်ငံတော်က သူ့ဘာသာသူ ဆိုရှယ်လစ်ခေတ်မှာ နိုင်ငံတော်ကပဲ လုပ်ခဲ့တယ်။ ဆိုရှယ်လစ်ခေတ်မဟုတ်တဲ့ ဟိုတုန်းက စက်ရုံတွေဆိုရင်လည်း နိုင်ငံတော်က တည်ဆောက်ခဲ့တယ်။ အဲစက်ရုံတွေ မလည်ပတ်လို့ရပေမယ့် နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာတွေလည်း ဆုံးရှုံးသွားတာ အများကြီးပဲ။ အဲတော့ ဘယ်တိုင်းပြည်မဆို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကဏ္ဍက အရမ်းအရေးပါတယ်။ နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေက ကဏ္ဍကို ထည့်သွင်းတွက်ချက်ခြင်းမရှိပဲနဲ့ နိုင်ငံတော်က အကုန်လုပ်ချင်တာလား။ ဒါဆို ဆိုရှယ်လစ် စီးပွားရေးလုပ်ငန်းကို ပြန်သွားချင်တားလာ။ ကွန်မြူနစ်စနစ်ကို သွားစေချင်တာလား။ တကယ်လို့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်ဆိုရင်တော့ တကယ် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အားနည်းချက်တွေကို အစိုးရက ထိန်းကျောင်းပေးပါ ကူညီပေးပါ။ ကျွန်တော်တို့ ဒီ လုပ်ငန်းရှင်ဘက်ကလည်း အစိုးရဘက်ကို ဒီစီးပွားရေး ကျွန်တော်တို့ လုပ်တက်ကိုင်တက်တာတွေနဲ့ ဝိုင်းဝန်းကူညီပြီးတော့ နှစ်ဦးနှစ်ဖက် ပူးပေါင်းလိုက်မယ်ဆိုရင်တော့ တိုင်းပြည်က အောင်မြင်မှုလမ်းကြောင်းကို ပိုသွားနိုင်မယ်လို့ ထင်ပါတယ်။

အဲတော့ ဦးမျိုးမြင့်တို့လို လုပ်ငန်းရှင်တွေဘက်က ဒီ အထပ်မြင့်အဆောက်အဦးတွေ ပြီးတော့ မူအားဖြင့် အရင်အစိုးရတုန်းက ခွင့်ပြုပြီးသား အဆောက်အဦးတွေနဲ့ ပတ်သက်ပြီးတော့အခုလို ပြောဆိုတာတွေက အစိုးရကို အသိပေးတာတွေက ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ချည်းပဲ အားထားတာလား။

ကျွန်တော်တို့က လူကတော့ ထိုက်သင့်တဲ့ ကိုယ်ကျိုးစီးပွား ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ထိခိုက်ရင်တော့ အနည်းနဲ့အများ နာကြပါတယ်။ လုံးဝမနာဘူးလို့လည်း မပြောနိုင်ပါဘူး။ ကိုယ်ကျိုးစီးပွား ထိုက်သင့်သလောက်တော့ ဖြစ်တယ်။ သို့သော်လည်း အဲလိုမျိုး ထိခိုက်တာချင်း တူတူတောင်မှ ကိုယ်မှားလို့ရှိရင်တော ကိုယ့်မှားလို့ခံရတာမျိုး ကျွန်တေ်ာတို့မှာ လက်ခံပါတယ်။ စီးပွားရေးလုပ်တယ်ဆိုပေမယ့်လည်း ကျွန်တော်တို့လည်း သူတို့ပြောသလိုပဲ အတ္တနဲ့ ပရ မျှပါတယ်။ ဒါပေမယ့် အတ္တနဲ့ပရ မမျှတဲ့သူလည်း ရှိမှာပေါ့လေနော်။ အဓိကဖြစ်တာကတော့ ကျွန်တော်တို့ အမြင်ကတော့ နဂိုခွင့်ပြုပြီးသားကို နောက်ကြောင်းပြန်သက်ရောက်ပြီးတော့ ကျွန်တော်တို့ကို လူထုအမြင်မှာ ဗီလိန်ကြီးတွေ လူဆိုးကြီးတွေလို ရန်ကုန်မြို့ကို ဖျက်ဆီးနေတယ်လို့ မြင်နေပြီးတော့ ကျွန်တော်တို့အပေါ်မှာ ယုံကြည်မှုပျောက်သွားတာတွေပေါ့။

ဒါဆို ပြဿနာတက်သွားတဲ့ အလုံး ၂၀၀ ရဲ့ အနာဂတ် မျှော်မှန်းချက်က ဘယ်လိုမြင်လဲခင်ဗျာ။ ဘာဖြစ်စေချင်လဲ။

ကျွန်တော်တို့ဖြစ်စေချင်တာက သူ့မူအရ အောင်နေတာတွေ ထားလိုက်ပါ။ ဒီဟာတွေသည် မူဝါဒအောင်တယ်ဆိုပေမယ့် သူ့ခွင့်ပြုချက် ရထားပြီးသား သူ့အဆင့်ဆင့် ဖြတ်သန်းတယ်။ ရှေ့အစိုးရလုပ်သမျှ နောက်အစိုးရလုပ်မယ်ဆိုရင် နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျန်တဲ့အပိုင်းတွေမှာပါ အများြးကီး ထိခိုက်ပါမယ်။ အဲ့တော့တစ်ခါတစ်လေကျရင် လူထုက မင်းတို့တွေက မင်းတို့အကျိုးစီးပွား ထိခိုက်တာနဲ့ လူထုမျက်နှာမကြည့်ဘူးလို့ ကျွန်တော်တို့ကို ထင်ပါတယ်။ အဲလိုမျိုးမဟုတ်ပါဘူး။ တကယ်တမ်း ကိုယ်ကိုတိုင် ဒီအလုပ်ကို လုပ်ကြည့်ပါ။ သုံးလေးငါးနှစ် စိတ်ပင်ပန်းစွာ ငွေအင်အား စိတ်အင်အား ဘယ်လောက် အားထည့်ပြီး လုပ်ရတယ်ဆိုတာ ကိုယ်ချင်းစာတက်သွားမှာပါ။ လူတွေက ဘေးကနေထိုင်ပြီး အပြစ်ပြောရတာ လွယ်သလောက် ကိုယ်ကိုယ်တိုင် ခံစားကြည့်လိုက်ရင် အဲဒီခံစားမှုကို ပိုသိမှာပါ။ အဲဒါလေးကိုတော့ ကျွန်တော် ပြောချင်ပါတယ်။ အဲတော့ တကယ်တမ်း ကျွန်တော်တို့အားလုံးရဲ့ ဆန္ဒသည် ကျွန်တော်တို့ ဒီဟာတွေအားလုံး မူဝါဒအတိုင်း ပြန်ဆောက်ချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ သက်ဆိုင်ရာအားလုံး ပါဝင် ဆွေးနွေးစေချင်ပါတယ်။ ပညာရှင် ရှုထောင့်တစ်မျိုးတည်းမဟုတ်ပဲနဲ့ နိုင်ငံရေး စီးပွားရေး ဘက်ပေါင်းစုံက ကြည့်ရင်တော့ ရလဒ်  ပိုကောင်းမှာပါ။ ယခင်ခေတ်တွေကလည်း အဲလိုဆွေးနွေးမှု မရှိပဲနဲ့ အပေါ်ကနေ တစ်သွေးတစ်သံ တစ်မိန့်ဆိုတဲ့ဟာမျိုးနဲ့ ချမှတ်ခဲ့လို့ အဲလိုဖြစ်တာပါအဲတော့ မူဝါဒတစ်ခုကို အကောင်အထည်ဖော်ပါ။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly