၂၀၁၆ အလွန် မြန်မာအမျိုးသမီးအသင်း အလားအလာ

၂၀၁၆ အလွန် မြန်မာအမျိုးသမီးအသင်း အလားအလာ

ဇူလိုင်လအတွင်းက မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ အိမ်ရှင်မြန်မာအသင်းပရိသတ်တွေ အရမ်းမျှော်လင့်ခဲ့ကြပေမယ့် တတိယကြေးတံဆိပ်ဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာရိုင်နာကို လစာငွေအမြောက်အမြားနဲ့ နည်းပြခန့်ခဲ့တာ၊ ဂျပန်နိုင်ငံကို သွားရောက်ခြေစမ်းလေ့ကျင့်ခဲ့တာ၊ တောင်ကိုရီးယား၊ ထိုင်းတို့လိုကမ္ဘာ့အဆင့်အသင်းတွေကို ဖိတ်ခေါ်ခြေစမ်းခဲ့တာတွေကြောင့် ဒီတစ်ခါတော့ ချန်ပီယံဆုက ကိုယ့်လက်ထဲက မလွတ်နိုင်တော့ဘူးလို့ထင်ခဲ့ကြပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူး။

မြန်မာအမျိုးသမီးအသင်းဟာ ပြိုင်ပွဲမှာ နိုင်သင့်နိုင်ထိုက်တဲ့အသင်းတွေကို အနိုင်ရခဲ့ပြီး ရှုံးသင့်ရှုံးထိုက်တဲ့အသင်းတွေကို ရှုံးနိမ့်နေဆဲပါ။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းအနေနဲ့   နောင်လာမယ့်ပွဲတွေအတွက် ပြိုင်ဘက်အသင်းတွေရဲ့တပ်လှန့်စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ၂၀၁၆ အလွန်မှာ မြန်မာအမျိုးသမီးဘောလုံးအသင်းအနေနဲ့ အာဆီယံထိပ်တန်းအဆင့်မှာ ဆက်လက်ရပ်တည်နေနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာရိုင်နာ

၂၀၁၆ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းခြေစွမ်းတိုးတက်လာတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြတယ်။ မြန်မာအမျိုးသမီးအသင်း ခြေစွမ်းတိုးတက်လာရတဲ့ အဓိက အကြောင်းအရင်းက နယ်သာလန်လူမျိုးနည်းပြကြီး ရော်ဂျာရိုင်နာရဲ့နည်းစနစ်တွေကြောင့်လို့လည်း တစ်ဆက်တည်း သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ နယ်သာလန် အမျိုးသမီးလက်ရွေးစင်အသင်းကို ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြရော်ဂျာရိုင်နာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အာဆီယံချန်ပီယံရှစ်မှာ အောင်မြင်မှုရဖို့ ရည်ရွယ်ပြီး ခေါ်ယူခဲ့တာပါ။

ဒါပေမယ့် ရော်ဂျာက အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအထိပဲ စာချုပ်သက်တမ်းရှိပြီး အောင်မြင်မှုမရခဲ့ရင် စာချုပ်သက်တမ်းမတိုးဘူးလို့ ပြောထားပါတယ်။ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ တတိယကြေးတံဆိပ်ဆုပဲ ရခဲ့ပေမယ့် ရော်ဂျာကို စာချုပ်သက်တမ်းတိုးဖို့ အဖွဲ့ချုပ်က ကမ်းလှမ်းထားပါတယ်။ ဒါကြောင့် နည်းပြ ရော်ဂျာ အသင်းမှာ ဆက်ရှိဖို့က လက်ရှိအချိန်အထိမသေချာသေးပဲ စောင့်ကြည့်နေရဆဲပါ။

မြန်မာအမျိုးသမီးအသင်းကို ပထမဆုံးနိုင်ငံခြားသားနည်းပြအနေနဲ့ ဂျပန်လူမျိုးနည်းပြ ကုမာဒါက တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး နှစ်နှစ်ခွဲကာလသက်တမ်းအတွင်းမှာ ချန်ပီယံဆုရယူပေးနိုင်ခဲ့ခြင်းမရှိပေမယ့် အသင်းကို တိုးတက်အောင်လုပ်ဆာင်ပေးနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း အာဆီယံအကောင်းဆုံးနည်းပြဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးအသင်းဟာ   နိုင်ငံခြားသားနည်းပြ   တွေလက်ထဲမှာ ပိုမိုကောင်းမွန်တဲ့အနေအထားကိုတွေ့ရပြီး မြန်မာအမျိုးသမီးဘောလုံးအသင်း အာဆီယံထိပ်တန်းအဆင့်မှာ ဆက်ပြီး ရပ်တည်နိုင်ဖို့က နည်းပြ ရော်ဂျာအသင်းမှာ ဆက်ရှိမရှိအပေါ် မူတည်နေပါတယ်။

မျိုးဆက်ကွာဟမှုပြဿနာ

ဒီနေ့ မြန်မာ့အားကစားလောကမှာ ကြုံတွေ့နေရတဲ့ အဓိကပြဿနာက မျိုးဆက်ပြတ်လပ်မှုပါ။ မြန်မာအမျိုးသမီးဘောလုံးအသင်းအနေနဲ့လည်း ဒီပြဿနာကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက စတင်ရင်ဆိုင်နေရပါပြီ။ မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းမှာ ပါဝင်ကစားနေတဲ့ ကစားသမားအများစုဟာ လက်ရွေးစင်သက်တမ်း ၁၂နှစ်နီးပါးရှိနေပြီး အသက်အရွယ်အားဖြင့်လည်း ၃၀ ဝန်းကျင်တွေဖြစ်နေပါပြီ။

ဒါပေမယ့် လက်ရွေးစင်အသင်းအတွက် လိုအပ်ချက်အရ သူတို့တွေဟာ အနားယူသင့်နေပြီဖြစ်တဲ့အချိန်မှာတောင် ကစားနေကြရဆဲပါ။ မြန်မာအမျိုးသမီးအသင်းကို နည်းပြ ကုမာဒါ မရှိတော့တဲ့နောက်ပိုင်းမှာ မျိုးဆက်သစ်ကစားသမားတွေနဲ့ အစားထိုးတည်ဆောက်နေပေမယ့် ကစားသမားအများစုရဲ့ ခြေစွမ်းပိုင်းက လိုအပ်ချက်တွေရှိနေတဲ့အတွက် လူဟောင်းကစားသမားတွေကိုပဲ အားကိုးနေရပါတယ်။ နည်းပြ ရော်ဂျာလက်ထက်မှာလည်း လူငယ်သွေးသစ်ကစားသမားတွေနဲ့အသင်းကို တည်ဆောက်ခဲ့ပေမယ့် အာဆီယံပြိုင်ပွဲအတွက် လက်ရွေးစင်ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်တဲ့ စန်းစန်းမော်၊ မြဖူးငုံ(ဂိုး) တို့ပြန်ရွေးပြီး လူစာရင်းမှာထည့်သွင်းအသုံးပြုခဲ့ရပါတယ်။

လက်ရှိမြန်မာအမျိုးသမီးအသင်း လူစာရင်းမှာ လူငယ်သွေးသစ်ကစားသမားတွေထဲက ဝင့်သိင်္ဂီထွန်း၊ မေသူကျော်တို့လောက်ပဲ အားထားကစားနိုင်ပြီး ကျန်နေရာအများစုမှာတော့ ဝါရင့် ကစားသမားတွေကိုပဲ အားကိုးနေရပါတယ်။ မြန်မာအမျိုးသမီးလက်ရွေးစင်အတွက် ကစားသမားသစ်ရှာဖွေရာမှာ အားကစားသိပ္ပံတစ်ခုတည်းကိုပဲ အားကိုးနေရပြီး   ပြည်နယ်တိုင်းပြိုင်ပွဲတွေ ကနေ မွေးထုတ်နိုင်မှုနည်းပါးနေပါတယ်။ ဒါကြောင့် ၂၀၁၆ အလွန်မှာ မြန်မာအမျိုးသမီးအသင်းအနေနဲ့ မျိုးဆက်သစ် ကစားသမားကြိုတင်ရှာဖွေနိုင်မှသာ အနာဂတ်ပြိုင်ပွဲတွေမှာ   အောင်မြင်မှုရနိုင်မှာဖြစ်ပြီး နည်းပြ ရော်ဂျာ အသင်းမှာဆက်ရှိခဲ့မယ်ဆိုရင်လည်း ဒီပြဿာကို အရင်ဆုံးဖြေရှင်းရမှာပါ။

အမျိုးသမီးလိဂ်ပြိုင်ပွဲ

အာဆီယံမှာ မြန်မာအမျိုးသမီးအသင်းရဲ့အဓိကပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေမှာ အမျိုးသမီးလိဂ်အမှတ်ပေးပြိုင်ပွဲတွေကျင်းပနေတာ ဆယ်စုနှစ် တစ်ခုနီးပါးရှိနေပါပြီ။ မြန်မာနိုင်ငံမှာတော့ ၂၀၀၉ခုနှစ်မှသာ ပရော်ဖက်ရှင်နယ်လိဂ်ကို တည်ထောင်နိုင်ခဲ့တာဖြစ်ပြီး အမျိုးသမီးလိဂ်လုပ်ဖို့ ပြင်ဆင်နေတာ လေးနှစ်နီးပါးရှိနေပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး။

ဒါကြောင့် လက်ရွေးစင်ကစားသမားတွေဟာ နိုင်ငံတကာပြိုင်ပွဲရှိမှာသာ ခြေစမ်းပွဲအချို့နဲ့ ပြိုင်ပွဲကိုကစားရလေ့ ရှိပြီး ကျန်တဲ့အချိန်တွေမှာတော့ လေ့ကျင့်ရင်းပဲ အချိန်ကုန်ရပါတယ်။ ကိုယ်နဲ့ ပြိုင်ဘက်ကစားသမားတွေက တစ်နှစ်ကို ဘောလုံးပွဲစဉ်အနည်းဆုံး ပွဲ ၂၀လောက်ကစားနေချိန်မှာ မြန်မာကစားသမားတွေကတော့ အမျိုးသမီးအသင်းအချင်းချင်းတောင်ကစားခွင့်မရပဲ အမျိုးသား ယူ-၁၄၊ ယူ-၁၆အသင်းတွေနဲ့သာ ကစားနေခဲ့ရတာပါ။

ဒါကြောင့် ၂၀၁၆ အလွန်မှာ မြန်မာနိုင်ငံမှာ အမျိုးသမီးလိဂ်ပြိုင်ပွဲတစ်ခု ပေါ်ပေါက်လာဖို့လိုနေပါပြီ။ ဒီနေ့ခေတ် ဘောလုံးမှာ စိတ်ဓာတ်တစ်ခုထဲနဲ့ ဆုဖလားတွေရယူနိုင်မှာမဟုတ်ပါဘူး။ စနစ်တကျပြင်ဆင်မှု၊ နည်းစနစ်၊ ပြိုင်ပွဲအတွေ့အကြုံဒါတွေကလည်း မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်နေပါပြီ။

မြန်မာအမျိုးသမီးအသင်းရဲ့ ၂၀၁၆ အလွန် လားရာ

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ အာဆီယံထိပ်သီးသုံးသင်းထဲက တစ်သင်းဖြစ်ပြီး အာရှထိပ်ဆုံး ၁၀သင်းထဲက တစ်သင်းပါ။ ပြင်ဆင်မှု၊ ပံ့ပိုးမှုဘယ်လောက်ပဲအားနည်းနေပါစေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဆုတံဆိပ်တစ်ခုအနည်းဆုံးရယူနိုင်စွမ်းရှိတဲ့အသင်းပါ။

ဒီလိုနိုင်ငံ့ဂုဏ်ဆောင်နေတဲ့အသင်းတစ်သင်းကို ရေရှည်အောင်မြင်မှုရအောင် မွေးမြူဖို့လိုပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းကို ပံ့ပိုးမှုရဲ့တစ်ဝက်လောက်ပဲ အမျိုးသမီးအသင်းကို ပံ့ပိုးမယ်ဆိုရင် အာဆီယံအဆင့်အောင်မြင်မှုသာမကပဲ အာရှအဆင့်မှာပါ အောင်မြင်မှုတွေရဖို့ မျှော်လင့်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ဘောလုံးဟာ အားကစားထက်ပိုတဲ့ အနေအထားကိုရောက်နေပြီး   နိုင်ငံဂုဏ်သိက္ခာနဲ့ပါ သက်ဆိုင်တဲ့ အားကစားဖြစ်နေပါပြီ။ အမျိုးသားဘောလုံးအသင်းအောင်မြင်မှ နိုင်ငံဂုဏ်သိက္ခာတက်မယ်ဆိုတဲ့ အယူအဆကို ဒီနေ့ကမ္ဘာ့ဘောလုံး အင်အားကြီးနိုင်ငံတွေမှာ လက်မခံတော့ပါဘူး။ ဂျပန်နဲ့ အမေရိကန်တို့ဟာ အမျိုးသားအသင်းနဲ့ ကမ္ဘာ့ဖလားမှာအောင်မြင်မှုရဖို့ ကြိုးစားနေသလို ကမ္ဘာ့ချန်ပီယံဖြစ်နေတဲ့ အမျိုးသမီးအသင်းတွေကိုလည်း မပစ်ပယ်ထားပါဘူး။ ဒါကြောင့် ၂၀၁၆ အလွန်မှာ မြန်မာအမျိုးသမီးဘောလုံးအသင်းကို လက်ရှိအောင်မြင်မှုတွေထက်ပိုတဲ့ အဆင့်တစ်ခုအထိသွားနိုင်ဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ စီမံကိန်းချဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း အကြံပြုတင်ပြအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly