ရတနာပုံအသင်း ဆုဖလားနှစ်လုံးရရှိရန် အာရုံစိုက်ထားသည်ဟု ရန်ပိုင်ပြော

ရတနာပုံအသင်း ဆုဖလားနှစ်လုံးရရှိရန် အာရုံစိုက်ထားသည်ဟု ရန်ပိုင်ပြော
ရတနာပုံအသင်းခေါင်းဆောင် ရန်ပိုင်ကို ရန်ကုန်နှင့်ကစားခဲ့သော ပထမအကျော့ပွဲစဉ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ- YDNB FC)

သြဂုတ် ၇၊ ရန်ကုန်။             ။ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ရတနာပုံအသင်းခေါင်းဆောင် ရန်ပိုင်က အသင်းအနေဖြင့် ယခုနှစ်ဘောလုံးရာသီတွင် ဆုဖလားနှစ်လုံး ရရှိရန် အာရုံစိုက်ထားသည်ဟု ပြောသည်။

ရတနာပုံအသင်းမှာ ၂၀၁၆မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးချန်ပီယံဆုကို ပွဲပြီးဆုံးရန် လေးပွဲအလိုကတည်းက ရယူနိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ် တက်ရောက်ထားနိုင်သည်။

“ကျွန်တော်တို့အသင်းရဲ့အဓိကပစ်မှတ်က ဒီရာသီမှာဖလားနှစ်လုံးရယူနိုင်ဖို့ပါ။ ဒီအတွက်ကစားသမားတွေအားလုံးလည်း အာရုံစူးစိုက်ထားပါတယ်။ ရန်ကုန်နဲ့ပွဲကိုကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဗိုလ်လုပွဲတက်ပါပြီ။ ဗိုလ်လုပွဲမှာတော့ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါ။”ဟု ရန်ပိုင်ကပြောသည်။

ရတနာပုံအသင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဆီမီးဖိုင်နယ်တွင် ရန်ကုန်အသင်းနှင့်တွေ့ဆုံနေပြီး ပထမအကျော့ကစားခဲ့စဉ်က တစ်ဂိုးစီသရေကစားထားနိုင်သည်။ ရတနာပုံနှင့် ရန်ကုန်အသင်းတို့၏   ဗိုလ်ချုပ်ဒိုင်း ဆီမီးဖိုင်နယ်ဒုအကျော့ပွဲစဉ်ကို သြဂုတ် ၁၀ရက်တွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly