အသေးစား အလတ်စား လုပ်ငန်းများအတွက် မူဝါဒ ထုတ်ပြန်ရန်လိုအပ်နေဟု UMFCCI ဒုဥက္ကဋ္ဌပြော

အသေးစား အလတ်စား လုပ်ငန်းများအတွက် မူဝါဒ ထုတ်ပြန်ရန်လိုအပ်နေဟု UMFCCI ဒုဥက္ကဋ္ဌပြော

ရန်ကုန် ၊ သြဂုတ် ၆ ။              ။ မကြာသေးမီက ထုတ်ပြန်လိုက်သည့် အစိုးရ၏ စီးပွားရေးပေါ်လစီတွင် အသေးစားနဲ့ အလတ်စားလုပ်ငန်း များအတွက် ဖော်ပြထားသည့် မူဝါဒမှာ အကြမ်းဖျင်း သဘောသာ ရှိသည့်အတွက် တိကျတဲ့ မူဝါဒတစ်ခု လိုအပ်ကြောင်း UMFCCI ဒုတိယ ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

"မြန်မာနိုင်ငံရဲ့ အသေးစားအလတ်စား လုပ်ငန်းတွေကို အာဆီယံနဲ့ပဲဖြစ်ဖြစ် ကမ္ဘာနဲ့ပဲ ဖြစ်ဖြစ် ရင်ဘောင်တန်း နိုင် အောင် ယှဉ်ပြိုင်နိုင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနတွေ ၊ Stakeholder တွေ ၊ ငွေရေးကြေးရေးပံ့ပိုးမယ့် ဘဏ်တွေ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ဖို့ လိုလိမ့်မယ်။ ဒါကြောင့်မို့ဒီမူဝါဒကို အကြမ်းအားဖြင့် ဖော်ပြထား တယ် လို့ မြင်ပါတယ်" ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ၎င်းလုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် ငွေကြေး ၊ နည်းပညာ ၊ ဈေးကွက်များ လိုအပ်ကြောင်း ၎င်းက ပြောသည်။

"မြန်မာနိုင်ငံမှာ ၉၀ ရာခိုင်နှုန်း ကျော်ကျော်လောက်က အသေးစားနဲ့ အလတ်စားဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအသေးစားနဲ့ အလတ်စားဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်ပါ။ သူက ပံ့ပိုးပေးတာပါ။ ဥပမာ မော်တော်ကားထုတ်တယ်။ မော်တော်ကားထုတ်လို့ မရပါဘူး။ မော်တော်ကားအတွက် supporting industry က ကာဗရိုက်တာတွေ ဘရိတ်ရှုးတွေ ဝိုက်ပါတွေက အစ ပံ့ပိုးတဲ့ industry ပူးပေါင်းပြီးမှ အကြီးစားဖြစ်သွားတာပါ" ဟု ဆိုသည်။

နိုင်ငံရေး စီးပွားရေး လေ့လာသုံးသပ်သူ ဦးဇေယျသူက စီးပွားရေးမူဝါဒကို အသေးစိတ် မဖော်ပြထားခြင်းနှင့် ပတ် သက်ပြီး "စီးပွားရေးဆိုင်ရာ အားကိုးရတဲ့ အချက်အလက် ရှားပါးတာတကြောင်း၊ ကတိကဝတ်ပေးပြီး ဖြစ်မလာရင် က တိပျက်သလိုဖြစ်မှာစိုးတာတကြောင်း၊ မူဝါဒဆိုတာ ယေဘုယျပြောရင် လုံလောက်တယ်လို့ ထင်တာတကြောင်းကြောင့် ခုလိုအသေးစိတ်မထုတ်တာဖြစ်လိမ့်မယ်" ဟု ပြောသည်။

ရင်းနှီးမြုပ်နှံမှုနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး မူဝါဒတွေက ပြင်ဆင်နေခြင်းကြောင်း စောင့်ရဦးမည် ဟု ဆိုသည်။

၂၀၁၅ ခုနှစ် NLDပါတီ ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် တိုင်းရင်းသားလုပ်ငန်းရှင်များ ၊ စွန့်ဦးတီထွင်လုပ်ငန်း ရှင်များ ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ အပါအဝင် ပြည်သူများ၏ ရင်းနှီး ငွေ ကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ငွေရေးကြေးရေးစနစ်တစ်ခု ပေါ်ပေါက်ရေးကို ဦးတည်ဆောင် ရွက်မည်ဟု ဆိုထားသော်လည်း အစိုးရ၏ စီးပွားရေးပေါ်လစီသစ်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များကို ပံ့ပို့ ကူညီပေးရန် ဆိုသည့် အချက်သာ ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags