ပိုမိုကောင်းမွန်သည့် အခွန်စနစ်နှင့် အသုံးစရိတ် သုံးစွဲမှုတို့ကသာ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းနှင့် အလုံးစုံဖွံ့ဖြိုးရေးတိုးတက်မှု ရမည်

ပိုမိုကောင်းမွန်သည့် အခွန်စနစ်နှင့် အသုံးစရိတ် သုံးစွဲမှုတို့ကသာ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းနှင့် အလုံးစုံဖွံ့ဖြိုးရေးတိုးတက်မှု ရမည်
သြဂုတ်လ ၆ ရက်က နေပြည်တော်တွင် မဇ္ဈိမ မီဒီယာနှင့် ActionAid တို့မှ ပူးပေါင်း ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ်။

နိုင်ငံတွင် အခွန်ကောက်ခံမှု စနစ်ကို အလုံးစုံ ပြုပြင်ပြောင်းလဲခြင်းနှင့်အတူ ထိရောက်သေချာပြီး အကျိုးရှိမည့် အသုံးစရိတ် ချမှတ်သုံးစွဲခြင်း တို့မှတဆင့် မြန်မာအစိုးရ လုပ်ဆောင်နေလျက်ရှိသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် အလုံးစုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ပြီးမြောက် အောင်မြင်နိုင်မည်ဖြစ်သည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာ့လူမှု စီးပွားတိုးတက်မှုဆိုင်ရာ မူဝါဒ ဆွေးနွေးပွဲ အစီအစဉ်သို့ တက်ရောက်လာသော သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနှင့် မူဝါဒရေးဆွဲသူများက အထက်ပါ အတိုင်း ဆွေးနွေးပြောဆို သွားခြင်းဖြစ်သည်။

အဆိုပါ မြန်မာ့ လူမှုစီးပွားတိုးတက်မှု ဆွေးနွေးပွဲကို သြဂုတ်လ ၆ ရက်က နေပြည်တော်တွင် မဇ္ဈိမ မီဒီယာနှင့် ActionAid တို့မှ ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။ "ပြည်တွင်းမှာ အခွန်စနစ်နဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲရမယ့် အပြင် အသုံးစရိတ်ပိုင်းမှာ ထိရောက်မှုရှိမယ့် နည်းလမ်းတွေနဲ့ အသုံးချလုပ်ဆောင်တာက နိုင်ငံရဲ့ စီးပွားရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်မှာဖြစ်ပါတယ်" ဟု တက်ရောက်လာသူ တစ်ဦးက ပြောသည်။

အခွန်ရှောင်မှုကို ထိန်းသိမ်းကိုင်တွယ်နိုင်မည့် မူဝါဒများ ရေးဆွဲချမှတ်ရန် လိုအပ်သကဲ့သို့ အကောက်ခွန်ဌာနကို လုပ်ဆောင်နိုင်စွမ်းများ မြှင့်တင်ပေးခြင်း၊ အခွန်စည်းကြပ်မှု စနစ်များ လွယ်ကူချောမွေ့ထိရောက်စေရေး စသည်တို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

ယင်းတို့သည် နိုင်ငံတွင် ကောင်းမွန်သည့် အခွန်ကောက်ခံမှု စနစ်တစ်ခု ထူထောင်သည့် နေရာမှာ အရေးကြီးသည့် ခြေလှမ်းများပင် ဖြစ်သည်။ အသုံးစရိတ်ပိုင်း ထိထိရောက်ရောက် သုံးစွဲနိုင်မှုနဲ့ ပတ်သက်၍ ပြည်သူများ ပူးပေါင်း ပါဝင်ပေးနိုင်ရန် လိုအပ်သည့် အကြောင်း မူဝါဒချမှတ်သူများက ထောက်ပြပြောဆိုခဲ့ကြသည်။ အလားတူ တာဝန်ယူမှုရှိမှု၊ မူဝါဒရေးရာလုပ်ငန်းစဉ်တွင် စောင့်ကြည့်လေ့လာမည့် လွတ်လပ်သည့် စစ်ဆေးရေးအဖွဲ့များ၏ လုပ်ဆောင်ချက်များ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချမှုအပေါ် အလေးထားမည့် စီမံကိန်းများကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။

"ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ စီးပွားရေး မူဝါဒ တွေထဲမှာ ကြည့်ရင် ဆင်းရဲနွမ်းပါးမှုလျှော့ချမှု၊ ဆင်းရဲချမ်းသာ ကွာဟမှုနဲ့ ပြည်သူတွေရဲ့ ဘဝပိုမိုတိုးတက် ကောင်းမွန်ဖို့အတွက် အစိုးရရဲ့ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို တွေ့နိုင်ပါလိမ့်မယ်" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အတွင်းရေးမှူး ဦးဝင်းထိန်က ယင်းအခမ်းအနားတွင် ပြောသွားသည်။

"အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အစိုးရက အုတ်မြစ်ချ လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု ဦးဝင်းထိန်က ပြောသည်။ အလားတူ သက်ဆိုင်ရာနယ်ပယ်များက ကျွမ်းကျင်ပုဂ္ဂိုလ်ကြီးများ၊ ပညာရှင်များနှင့် အရပ်ဘက် အသိုင်းအဝိုင်းမှ အထင်အမြင်များကိုလည်း ဖိတ်ခေါ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မူဝါဒ ချမှတ်မှုပိုင်းတွင် ဘက်စုံထောင့်စုံမှ ဖြည့်ဆည်း ဆောင်ရွက်ရန်လိုကြောင်းနှင့် အစိုးရ၏ လုပ်ငန်းဆောင်တာများ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် ပြည်သူများ၏ ပြောကြားချက်များကလည်း အဓိကကျကြောင်း ၎င်းက ပြောသည်။

လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဌ ဦးအေးသာအောင်ကလည်း အခွန်တိမ်းရှောင်မှုကို ကိုင်တွယ် ဖြေရှင်းနိုင်မည့်၊ ကောင်းမွန်သည့် အခွန်ကောက်ခံမှု အလေ့အထတစ်ခု ထူထောင်နိုင်မည့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်သော မူဝါဒချမှတ် လုပ်ဆောင်မှုများမှတဆင့် ကောင်းမွန်သော အတွေးအမြင်များ ရရှိလာရန် လိုအပ်ကြောင်း ပြောဆိုသွားသည်။

အခွန်နှင့် ဂျီဒီပီ အချိုးအစား တိုးတက်ရန်လိုအပ်သည့် အကြောင်းနှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း လက်ရှိအချိန်တွင် ပြည်သူ့ကြွေးမြီမှာ စိုးရိမ်စရာအဆင့်သို့ ရောက်ရှိနေခြင်း မရှိကြောင်း၊ သို့ရာတွင်လည်း ပြည်သူ့ ဘဏ္ဍာရေးပိုင်း စီမံခန့်ခွဲမှုတွင် အကျိုးရှိရှိ လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ သို့မှသာ စီးပွားရေး မူဝါဒတွင် ဖော်ပြထားသည့် ဦးစားပေးကိစ္စများတွင်ထိထိရောက်ရောက် အကျိူးရှိရှိ သုံးစွဲသွားနိုင်မည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

လက်ရှိ ရှိရင်းစွဲ အခွန်စနစ်ကို ပြန်လည်သုံးသပ်ခွဲခြားကာ အခွန်ဝင်ငွေများ တိုးပွားရရှိစေရေးအတွက် ပိုမို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသွား သည်။ ပြည်သူ့ ဘဏ္ဍာရေးပိုင်း စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှုရှိမှု နှင့် တာဝန်ခံမှု ရှိခြင်းတို့က အရေးကြီးလှကြောင်း ၎င်းက ပြောဆိုသွားသည်။

လယ်ယာစိုက်ပျိုးရေး ဒုဝန်ကြီး ဒေါက်တာ ထွန်းဝင်းကလည်း ကျေးလက်ဒေသ လုပ်ငန်းများ အထူးသဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို ပြန်လည် အသက်သွင်းရန် လိုအပ်ကြောင်းနှင့် သို့မှသာ ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်မည်ဖြစ်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်သူများနှင့် တောင်သူများ နေရာဒေသ ရွှေ့ပြောင်းလုပ်ကိုင် နေရမှုများကို  ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးပိုင်းတွင် အသုံးစရိတ်ကို ထိထိရောက်ရောက် သုံးစွဲရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဗျူရိုကရေစီ၏ သဘောသဘာ၀ များကိုလည်း ပြောင်းလဲရမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် သာတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းတို့၏ အရေးကြီးပုံကို ပြောကြားရာတွင် ကျွမ်းကျင် ပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာ အောင်ထွန်းသက်ကလည်း မူဝါဒချမှတ်ရာတွင်  နိုင်ငံရေး စီးပွားရေး အထင်အမြင်များ ရှိရမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။ သို့မှသာ ထိရောက်သေချာမှုမရှိသော မူဝါဒများကို ပိုမို ထိရောက်စေရန် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဒီမိုကရေစီစနစ်တွင် အခြေတည်မည့် စီးပွားရေးအရ အားကောင်းပြီး လူမှုပိုင်းဆိုင်ရာ ပြည့်စုံသော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်မှုပိုင်းကို အစိုးရပိုင်းက လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် နိုင်ငံရေးအရ ချမှတ်လုပ်ဆောင်ခြင်းက အရေးကြီးလှကြောင်းလည်း တက်ရောက်လာသူ ပညာရှင်များက ပြောဆိုဆွေးနွေးသည်။

အခွန်ကောက်ခံမှုစနစ်ကို တိုးချဲ့ပြုပြင်လုပ်ဆောင်ရေးနှင့် ယင်းစနစ်ကို ထိရောက်အောင် လုပ်ဆောင်ရန်လို အပ်ကြောင်း၊ ငွေကြေးဆိုင်ရာ စုပေါင်းဆောင်ရွက်မှု၊ ပြည်သူအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ စီမံကိန်း စောင့်ကြည့်စစ်ဆေး အကဲဖြတ်မှု စသည်တို့ကိုလည်း လုပ်ဆောင်ရန်လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည့် ဦးဇော်ဖေဝင်း၊ ဒေါ်ခင်မမမျိုးနှင့် ဒေါက်တာ တင်မောင်သန်းတို့က ထောက်ပြပြောဆိုသည်။ စီးပွားရေး ပညာရှင်ဒေါက်တာ ခင်မောင်ညိုကလည်း မတူညီသည့် အဆင့်များနှင့် ကဏ္ဍပေါင်းစုံတို့တွင် လုပ်ဆောင်နိုင်စွမ်း တည်ဆောက်မှုတို့ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း နှင့် ယင်းအချက်က မူဝါဒအကောင်အထည် ဖော်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှုများကို ထိထိရောက်ရောက် ဖော်ဆောင်ရာတွင် အရေးကြီးကြောင်း ပြောဆိုဆွေးနွေးသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags