ပြည်သူ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ မူဝါဒ လွဲမှားသည်ဆိုကာ အပြာရောင်ဖဲကြိုးလှုပ်ရှားမှု ရခိုင်တွင်ပြုလုပ်

ပြည်သူ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ မူဝါဒ လွဲမှားသည်ဆိုကာ အပြာရောင်ဖဲကြိုးလှုပ်ရှားမှု ရခိုင်တွင်ပြုလုပ်

 သြဂုတ် ၆ ရက် ။           ။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ မူဝါဒများ လွဲမှားသည်ဆိုကာ ကျန်းမာရေး ဝန်ထမ်းအချို့ အပြာရောင် ဖဲကြိုးကမ်ပိန်း လှုပ်ရှားမှုတစ်ခုကို စစ်တွေမြို့၊ အာရိယာန်ခန်းမတွင် သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

“ ကျွန်တော်တို့ ကျန်းမာရေးမှူးတွေရဲ့ ဘဝတက်လမ်းတွေ အကုန်လုံး ပွင့်လင်းလာပြီးတော့ နောက်တစ်ခါ ပညာဆက်လက် ဆည်းပူးခွင့်တွေလည်း ရလာမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်၊ နောက်တစ်ခါ လုပ်ငန်း တာဝန်တွေ ဆောင်ရွက်ကြရတဲ့ နေရာမှာ လည်း အခွင့်အလမ်းတွေ ပေးလာမှာပဲ။ ကျွန်တော်တို့က ပြည်သူအတွက် ကြိုးစားပြီး ဆောင်ရွက်နိုင်ကြ မှာပါပဲ ဖြစ်ပါတယ်” မောင်တောမြို့နယ် ကျန်းမာရေးမှူး ဦးဦးစောသိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးမှူး ၈၀၀ နှင့် အထက်ရှိနေပြီး ဆက်လက်ပညာသင်ကြားခွင့် နှင့် ကျန်းမာရေးမှူးအဖြစ် ထပ်မံကျောင်းပြီးလာမည့် ကျောင်းသားများ အတွက်လည်း အခွင့်အလမ်းမှာ နည်းပါးနေဆဲဖြစ်ကြောင်း ကမ်ပိန်းလှုပ်ရှားသူများက ပြောသည်။

ကျန်းမာရေးမှူးများကို မသက်ဆိုင်သော ဌာနများသို့ တာဝန်လွဲပြောင်းခြင်းနှင့် ပညာရှင် မဟုတ်သူများကို ကျန်းမာရေးဌာန၏ အဆင့်မြင့်ရာထူးများ ခန့်အပ်ခြင်းများကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ တဝန်းရှိ ကျန်းမာရေးဝန်ထမ်းများက ဇူလိုင်လ ပထမသီတင်းပတ်က စတင်ကာ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

စစ်တွေတွင် ပြုလုပ်ခဲ့သော ဖဲကြိုးပြာကမ်ပိန်းလှုပ်ရှားမှုကို ကျန်းမာရေးမှူးများ၊ ကျန်းမာရေးတက္ကသိုလ်မှ ဘွဲ့ရပြီး အလုပ်မဆင်းသေးသူများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ ရာထူးရှိသူများ စုစုပေါင်း ၁၂၄ ဦး တက်ရောက်ခဲ့သည်။

လှုပ်ရှားမှုမှ အချက် ၅ ချက်ကို တောင်းဆိုခဲ့ပြီး ယင်းတို့မှာ (၁) ပြည်သူ့ကျန်းမာရေးဝန်ထမ်း မဟုတ်သူများအား ကျန်းမာရေးမှူး အမည်ဖြင့် ကျန်းမာရေးဌာနများတွင် ခန့်ထားခြင်းများ ရပ်တန့်ရန်၊ (၂) လုပ်ငန်းခွင်ရာထူး တက်လမ်းများ ဖန်တီးပေးနိုင်ရန်နှင့် လူမှန်နေရာမှန် ဖန်တီးရန်၊ (၃) ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေးကဏ္ဍ၌ တိုးမြင့်နိုင်ရေးအတွက် ဆက်စပ်နှီးနွယ်သော ပညာသင်ကြားခွင့်ရရှိရန်၊ (၄) လက်ထောက် ကျန်းမာရေးမှူး အကျဉ်းချုံးသင်တန်းကို ဒီပလိုမာ သင်တန်းအဖြစ် ပြောင်းလဲ သင်ကြားပေးရန်၊ (၅) ကျန်းမာရေးမှူးများအား အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိအောင် ဆောင်ရွက်ပေးရန် တို့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly