မသန်စွမ်းအားကစားအဖွဲ့များ တရုတ်နိုင်ငံသို့ သုံးလခန့် သွားရောက်လေ့ကျင့်ရန် စီစဉ်

မသန်စွမ်းအားကစားအဖွဲ့များ တရုတ်နိုင်ငံသို့ သုံးလခန့် သွားရောက်လေ့ကျင့်ရန် စီစဉ်
၂၀၁၄ အင်ချွန်း အာဆီယံ မသန်စွမ်းအားကစားပြို်င်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီး ဘော်လီဘောအသင်း။

ဇူလိုင် ၁၀၊ ရန်ကုန်။     ။ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့များသည် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ကစားသမားများကို တရုတ်နိုင်ငံသို့ သုံးလခန့် သွားရောက်လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားသည် ဟု မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်ဆွေအေးက ပြောသည်။

ဒီဇင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၈) ကြိမ်မြောက် အာဆီယံမသန်းစွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ ပြေးခုန်ပစ်၊ ရေကူး၊ ဂိုးဘော၊ အလေးမ၊ စားပွဲတင်တင်းနစ်၊ မြားပစ်၊ ဘောလုံး၊ ဘိုစီယာ၊ မျက်မမြင်စစ်တုရင်၊ ဝှီးချဲဘတ်စ ကက်ဘော စသည့်အားကစားနည်း ၁၀ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

“ တရုတ်နိုင်ငံကနေ ဖိတ်လို့ ဒီက အာဆီယံမသန်စွမ်းပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေကို သွားလေ့ကျင့်ဖို့ စီစဉ်ဖြစ်တာပါ။ လာမယ့် သြဂုတ်လထဲမှာ သွားဖြစ်မှာပါ။ ကစားသမား ၆၂ ဦးရွေးခေါ်သွားမှာပါ။

ဟိုမှာ သုံးလ ဝန်းကျင်လောက်တော့ ကြာမယ်။ အခုလည်း တရုတ်နိုင်ငံက နည်းပြငါးဦး ဒီမှာ လာလေ့ကျင့်ပေးနေပါတယ်။ ဇူလိုင်လ ၃ ရက်ကနေစပြီး တစ်လလောက် လေ့ကျင့်ပေးသွားမှာပါ။ အာဆီယံသွားပြိုင်မယ့် ကစားနည်း ဆယ်မျိုးကို လေ့ကျင့်ပေး တာပါ။

လက်ရှိတော့ ကစားသမားတွေလည်း အာဆီယံပြိုင်ပွဲအတွက် အကောင်းဆုံး လေ့ကျင့်ပြင်ဆင်နေပါတယ် ” ဟုဒေါ်ခင်ဆွေအေး က တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မှုအစီအစဉ်နှင့် ပတ်သက်၍ ပြောသည်။

မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအတွက် လက်ရှိတွင် ပဏာမလက်ရွေးစင် အားကစားသမား ၁၅၀ ဦးဖြင့် ရန်ကုန်မြို့ မြောက်ဒဂုံ မသန်စွမ်းအားကစား လေ့ကျင့်ရေးစခန်း၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး အဆိုပါ ကစားသမားများထဲမှ ကစားသမား ၆၂ ဦးရွေးချယ်ကာ တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၄ တောင်ကိုရီးယားနိုင်ငံ အင်ချွန်း အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ကစားနည်းပေါင်း ရှစ်မျိုး အားကစားသမားပေါင်း ၅၄ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly