ပြည်ခိုင်ဖြိုး ပါတီဝင်များ စည်းလုံးကြရန် ဦးဋ္ဌေးဦး ညွှန်ကြား

ပြည်ခိုင်ဖြိုး ပါတီဝင်များ စည်းလုံးကြရန် ဦးဋ္ဌေးဦး ညွှန်ကြား

ပြည်ခိုင်ဖြိုးပါတီဝင်များ စည်းလုံးညီညွတ်မှု မပျက်ပြားကြရန် ပါတီ၏ ရန်ကုန်တိုင်းဒေသကြီးအဆင့် မျက်နှာစုံညီအစည်းအဝေးတွင် ပါတီဒုဥက္ကဋ္ဌဖြစ်သူ ဦးဋ္ဌေးဦးက လမ်းညွှန်မှာကြားလိုက်သည်။

သြဂုတ်လ ၅ ရက်က ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်း အစည်းအဝေးခမ်းမတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် "အရေးကြီးတာကတော့ ဘာပဲလုပ်လုပ် စည်းလုံး ညီညွတ်မှုကို မပျက်ပါစေနဲ့။ ပါတီတွင်း စည်းလုံးညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်ပါ။ ဘာအကြောင်းရင်းနဲ့မှ ပျက်စီးအောင် လုပ်တယ်ဆိုတဲ့ ဥစ္စာကိုအဖြစ်မခံပါနဲ့" ဟု ဦးဋ္ဌေးဦးက ပြောခဲ့သည်။

တစ်ဦးတစ်ယောက်အကျိုး အတွက်မရည်ရွယ်ဘဲ ပါတီ၏ အကျိုးကိုရှေးရှုပြီး ဆွေးနွေးဆောင်ရွက်ကြရန်နှင့် ဒုတိယတာဝန်အနေဖြင့် ပြည်သူများ အမြင်စောင်းနိုင်သည့် ကိစ္စများကို မလုပ်ဆောင်ကြရန် လိုအပ်ကြောင်း ဒုဥက္ကဌ ဦးဌေးဦးက ဆိုသည်။

"ပြိုင်ပွဲသဘောမျိုး ဖြစ်လာကြတဲ့အချိန်မှာ ရည်မှန်းချက်တွေတူသော်လည်းပဲ ပြိုင်ရင်နည်းနည်း သံသယစိတ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် အမြင်စောင်းတာတွေဖြစ်တတ်ပါတယ်။” ဟု ဆိုသည်။

အဆိုပါပွဲတွင် ပါတီဥက္ကဌ ဦးဌေးဦးက ၂၀၁၅ -၁၆ ပညာသင်နှစ်တွင် ထူးချွန်စွာဖြေဆိုခဲ့ကြသည့် ၆ဘာသာဂုဏ်ထူးရ ထူးချွန်ကျောင်းသားများအား ဆုပေးခဲ့ပြီး ပါတီတွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက အကြိမ်အများဆုံး သွေးလှူဒါန်းသူများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly