လက်ရွေးစင်နည်းပြချုပ်အေဗရာမိုဗစ်ကို (၁၇) လ သက်တမ်းတိုးစာချုပ်ချုပ်ဆို

လက်ရွေးစင်နည်းပြချုပ်အေဗရာမိုဗစ်ကို (၁၇) လ သက်တမ်းတိုးစာချုပ်ချုပ်ဆို
သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီးနောက် အေဗရာမိုဗစ်နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများကိုတွေ့ရစဉ်။(ဓာတ်ပုံ- MFF)

ဇူလိုင် ၁၀၊ ရန်ကုန်။       ။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အေဗရာမိုဗစ်ကို ဇူလိုင်လ (၃၁) တွင်ကုန်ဆုံးမည့် လက်ရှိစာချုပ်အား သက်တမ်းတိုးမြှင့်သည့်အနေဖြင့် (၁၇) လ ကြာမြင့်မည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒု-ဥက္ကဌဦးတင်အောင်က မဇ္ဈိမသို့ပြောသည်။ ယင်းစာချုပ်ပါအချက်အလက်များအရ အေဗရာမိုဗစ်အနေဖြင့်မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်တာဝန်ကို အဓိကဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာ ယူ-၂၃ နှင့် ယူ-၂၂ အသင်းတို့အား နည်းစနစ်ပိုင်း အကြံဉာဏ်ပေးခြင်းဆိုင်ရာတာဝန်များကိုပါ  ထမ်းဆောင်ပေးသွားရမည် ဖြစ်သည်။

“ မိုဗစ်ကို ၁၇ လ သက်တမ်းတိုးစာချုပ် အပြီးသတ်ချုပ်လိုက်ပါပြီ။ လစာအနေအထားကိုတော့ မပြောပါရစေနဲ့။ အစကတည်းက သက်တမ်းတိုးဖို့ ညှိထားပေမယ့် နည်းနည်းညှိနှိုင်းမှုလေးတွေရှိနေလို့ကြန့်ကြာနေတာပါ။ အခုတော့ အဆင်ပြေသွားပါပြီ။ဦးကြည်လွင်ကိုတော့ လက်ထောက်နည်းပြရာထူးနဲ့ ဦးအောင်ကျော်ကျော်ကိုတော့ ဂိုးနည်းပြခန့်အပ်သွားမှာပါ ” ဟု ဦးတင်အောင်ကပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အေဗရာမိုဗစ်ကို လက်ရွေးစင်နည်းပြချုပ်အဖြစ်သက်တမ်းတိုးခဲ့သည့်အပြင် ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြချုပ် ဦးကြည်လွင်အား လက်ရွေးစင် အသင်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်သွားမည်ဖြစ်ပြီး ၂၀၁၅ နယူးဇီးလန် ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲတွင် ယူ-၂၀ အသင်း၏ဂိုးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဦးအောင်ကျော်ကျော်အားမြန်မာ့လက်ရွေးစင်အသင်း၏ဂိုးနည်းပြအဖြစ် ခန့်အပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly