ရခိုင်ပင်လယ်ပြင်မှ ငါးဖမ်းဆီးမှု တစ်နှစ်လျှင် တန်ချိန် တစ်သန်းထိရှိနေပြီး ငါးနှစ်အတွင်း ငါးမျိုးတုန်းသွားနိုင်

ရခိုင်ပင်လယ်ပြင်မှ ငါးဖမ်းဆီးမှု တစ်နှစ်လျှင် တန်ချိန် တစ်သန်းထိရှိနေပြီး ငါးနှစ်အတွင်း ငါးမျိုးတုန်းသွားနိုင်

စစ်တွေ ၊ သြဂုတ် ၃ ရက် ။            ။ ရခိုင်ပင်လယ်ပြင်အတွင်း ဝင်ရောက်ကာ ငါးဖမ်းဆီးနေကြသည့် သင်္ဘောများသည် ပြဌာန်းထားသည့် ဥပဒေများကို ချိုး ဖောက်မှုများ ရှိနေသဖြင့် တိကျစွာ ကိုင်တွယ်ပေးရန် သြဂုတ်လ ၃ ရက်နေ့ကကျင်းပပြုလုပ်သည့် ရခိုင်ပြည် နယ်လွှတ်တော် ဒုတိယအကြိမ်၊ ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက အစိုးရကို တိုက်တွန်းခဲ့သည်။

ပြည်တွင်း၊ ပြည်ပ အကြီးစား ငါးဖမ်းသဘောၤာများမှာ ကမ်းနီးငါးဖမ်းကွက်များသို့ ဝင်ရောက် ဖမ်းဆီးမှု ရှိနေခြင်း၊ ပင်လယ် ငါးများအား အဆမတန် ဖမ်းဆီးမှုပြုနေခြင်းတို့ကြောင့် ငါးမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင် နေ ရကြောင်း စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နယ်မြေ ကိုယ်စားလှယ် ဦးအေးသိန်းက ပြောသည်။

“ငါးဖမ်းသင်္ဘောတွေဟာ စည်းကမ်းချက်တွေကို ကျော်လွန်ပြီးတော့ ဖမ်းဆီးနေတာတွေကို တွေ့ရပါတယ်။ ဒီသင်္ဘောတွေကို ငါးဖမ်းဆီးခွင့် လိုင်စင်ပေးထာက နှစ်မျိုးရှိပါတယ်။ ကမ်းနီးကို ပြည်နယ်အဆင့်က ပေးထားပြီးတော့ ကမ်းဝေးကို ပြည်ထောင်စု အဆင့်ကနေ ပေးထားတာလို့ သိရပါတယ်။ အဲဒီငါးဖမ်းသင်္ဘောတွေဟာ ဘယ်လို ငါးဖမ်းကိရိယာတွေကို အသုံးပြုပြီးတော့ ဖမ်းဆီးနေတယ်ဆိုတာကို မသိရရှိရပါဘူး။ ပင်လယ်ကြမ်းပြင်မှာရှိနေတဲ့ ငါးသဲ ငါးနုတ်က အစ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ပွင့်လင်းရာသီမှာဆိုရင် စားသုံးလို့မရတဲ့ ဟာတွေကို ကြက်စာအဖြစ်ထုတ်လုပ်လို့ရပါတယ်။ အခုလိုမျိုး မိုးတွင်း ကာလတွေမှာဆိုရင် အဲဒီအမှိုက်တွေကို ပင်လယ်ထဲ စွန့်ပစ်ကြတဲ့အတွက် ပင်လယ်ပြင်ညစ်ညမ်းမှုတွေကိုလည်းဖြစ်စေပါတယ်။ ဒါကြောင့် အခုလိုမျိုး မပြုလုပ်ရအောင်တားဆီးဖို့ အတွက် အစိုးရကို တိုက်တွန်းတာဖြစ်ပါတယ်။” ဟု ဦးအေးသိန်းက ပြောသည်။

နော်ဝေနိုင်ငံမှ ရခိုင်ပင်လယ်ပြင်အတွင်း သုတေသနပြုချက်အရ ပင်လယ်ပြင်အတွင်းတွင် ရေပေါ် ငါးကျန်ရှိသည့် အနေအထားမှာ ၁၀ ရာခိုင်နှုန်းခန့်နှင့် ရေအောက်ငါး ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

ထို့အပြင် ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးမှု ပမာဏမှာ တစ်နှစ်လျှင် တန်ချိန်တစ်သန်း အထိ ဖမ်းဆီးလျှက်ရှိနေပြီး ဆက်လက်ခွင့်ပြုထားပါက လာမည့် ငါးနှစ်တာ ကာလအတွင်း ငါးများ မျိုးတုန်းသွားနိုင်ကြောင်းနှင့် ငါးဖမ်းဆီးမှု ပမာဏကို တစ်နှစ်လျှင် တန်ချိန် တစ်သိန်းအထိ လျှော့ချပြီး ဖမ်းဆီးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံ၏ ရခိုင်ပင်လယ်ပြင်ဆိုင်ရာ သုတေသန အစီရင်ခံကို ကိုးကား၍ ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွေးက ပြောသည်။

“အရင်ကတည်းကပင် ပြဌာန်းထားတဲ့ မြန်မာ့ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း ဥပဒေ ဆိုတာရှိပါတယ်။ ပထမအကြိမ်မှာ ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ ငါးဖမ်းလုပ်ငန်းနဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့်တွေမရှိခဲ့ဘူး။ အခု ဒုတိယအကြိမ်မှာတော့ ပင်လယ်ပြင်ကမ်းနီး ငါးဖမ်းလုပ်ငန်းဥပဒေကိုပြဌာန်းဖို့အတွက် ဥပဒေကြမ်းကိုရေးဆွဲထားပြီးဖြစ်ပါတယ်။ ဒီဥပဒေကို ပြဌာန်းထားတာမရှိသေးတဲ့အတွက် ပင်လယ်ပြင်ငါးဖမ်းသင်္ဘောတွေကို စနစ်တကျ တားဆီးနိုင်ဖို့ဆိုတာဟာ စောပါသေးတယ်။ အခုရေးဆွဲထားတဲ့ ဥပဒေကြမ်းကိုပြဌာန်းပြီးမှဘဲ ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းရတာ လွယ်လိမ့်မယ်လို့ မြင်ပါတယ်။”ဟု လွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဌ ဦးမြသန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ငါးသယံဇာတ ရှားပါးမှုကြောင့် ပင်လယ်ငါးဖမ်းခွင့် လိုင်စင်ချပေးမှုကို ရပ်နားထားခဲ့ရာမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ငါးလုပ်ငန်း ဦးစီးဌာနက  အောင်ထွန်းမြတ်ကုမ္ပဏီကို လိုင်စင်ချပေးခဲ့ပြီး သင်္ဘော ၈၉ စီးကို ခွင့်ပြုခဲ့သည်။

လက်ရှိအချိန်တွင် တရားဝင် ငါးဖမ်းဆီးခွင့် လိုင်စင်နှင့် လုပ်ကိုင်နေသော သင်္ဘောပေါင်း ၃၀၀၀ ကျော် ရှိနေပြီး ငါးသယံဇာတ ရှားပါးမှုကို ဖြေရှင်းနိုင်ရန် တစ်စီးလျှင် ၃၃ တန်သာ ဖမ်းဆီးခွင့်ပြုထားကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly