မသန်စွမ်းသူများကို ရွေးကောက်ပွဲနှင့် မဲပေးလုပ်ငန်းစဉ်ဆိုင်ရာ ဆရာဖြစ် သင်တန်းပေးမည်

မသန်စွမ်းသူများကို ရွေးကောက်ပွဲနှင့် မဲပေးလုပ်ငန်းစဉ်ဆိုင်ရာ ဆရာဖြစ် သင်တန်းပေးမည်
နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူများနှင့် ကူညီသူများကို တွေ့ရစဉ်။  ဓါတ်ပုံ - မဇ္စျိမ

ရန်ကုန်၊ဇူလိုင် ၁၀ ။ ။ မသန်စွမ်းသူများကို ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များနှင့် မဲပေးလုပ်ငန်းစဉ်ဆိုင်ရာ အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်မည့် ဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ် သင်ကြားပေးမည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူ များရှေ့ဆောင်အဖွဲ့ ဦးဆောင် ဒါရိုက်တာ ဦးနေလင်းစိုးက မဇ္ဈိမကိုပြောသည်။

ယင်းသင်တန်းကို ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့၊ မီကာဆာ ဟိုတယ်တွင်သင်ကြားပေး သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် နယ်အသီးသီးရှိ မသန်စွမ်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေသည့် အရပ်ဘက်အဖွဲ့အစည်းများမှ မသန်စွမ်းကိုယ်စားလှယ် ၂၀ ဦးကို သင်တန်းပေးမည် ဖြစ်သည်။

ဦးနေလင်းစိုး “မသန်စွမ်းအဖွဲ့အစည်းတွေက ကိုယ်စားလှယ်ခေါင်းဆောင်တွေကို လေ့ကျင့်သင်ကြား ပေးသွား မှာပေါ့။ သူတို့က ကိုယ့်ဒေသမှာရှိတဲ့ မြို့နယ်ကော်မရှင်ခွဲရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ၊ ရွေးကောက်ပွဲ လုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း နဲ့ နိုင်ငံရေးပါတီတွေကို ပြန်ပြီးပညာပေးရမယ်။ အသိပညာတွေကိုဆွေးနွေး ဖလှယ်ရမယ်”ဟုပြောသည်။

TOT သင်တန်းဆင်း မသန်စွမ်းကိုယ်စားလှယ်များအနေဖြင့် မိမိအရပ်ဒေသတွင် နေ့တစ်ဝက်ကြာ ဆွေးနွေးပွဲများ၊ အသိပညာပေး အစည်းအဝေးများ ပြန်လည်ပြုလုပ်ရမည်ဖြစ်ပြီး လိုအပ်သည့် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စများကို မြန်မာနိုင်ငံမသန်စွမ်း သူများရှေ့ဆောင် အဖွဲ့က ပံပိုးပေးသွားမည်ဖြစ်သည်။

အဆိုပါ TOT သင်တန်းပြီးပါက အနည်းဆုံး မြို့နယ် ၇ မြို့နယ်တွင် ဆင့်ကဲပညာပေးလုပ်ငန်းများ လုပ်ဆောင် သွားနိုင်ရန် ရည်ရွယ် ထားသည်ဟုလည်း ဦးနေလင်းစိုးကပြောသည်။ အဆိုပါ TOT သင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်မှုများပြုလုပ်နေသည့် အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ ဆရာများကရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတ၊ သတင်းအချက်အလက်နှင့် အသိပညာပြန်လည်ေ၀ မျှနည်းဆိုင်ရာ အတတ်ပညာ များကို ပြန်လည်သင်ကြားပေးမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နယ်မြို့များတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ပညာပေးလုပ်ငန်းစဉ်များတွင် လုပ်ဆောင်ရာတွင် မသန်စွမ်းသူများကိုယ်တိုင် ပညာပေးသည့်အစီအစဉ်များတိုးပွားလာနိုင်ရန်၊ မြို့နယ် အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများက မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် မဲပေးမှု အရေးကိစ္စများကို ကျယ်ပြန့်စွာ သိရှိလာ နိုင်စေရန်၊ မသန်စွမ်းများကိုယ်တိုင် နိုင်ငံရေးနှင့်ရွေးကောက်ပွဲ ကိစ္စများတွင် ထဲထဲဝင်ဝင် အပြည့်အ၀ ပါဝင် ပတ်သက်မှု တိုးမြင့်လာစေရန်တို့ ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၈ ရက်တွင် အတည်ပြု ကြေညာထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်ကို ဇူလိုင်လ ၂၀ ရက်က စတင်၍ ၁၄ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly