အိန္ဒိယတွင် ကိုလိုနီခေတ် လက်ကျန် မြစ်ကူးတံတားတစ်စင်း ရေတိုက်စား၍ ကျိုးကျ၊ အနည်းဆုံး လူ ၂၀ ရေထဲမျောပါသွား

အိန္ဒိယတွင် ကိုလိုနီခေတ် လက်ကျန် မြစ်ကူးတံတားတစ်စင်း ရေတိုက်စား၍ ကျိုးကျ၊ အနည်းဆုံး လူ ၂၀ ရေထဲမျောပါသွား

သြဂုတ် ၃ ။             ။ အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ကိုလိုနီခေတ် လက်ကျန် မြစ်ကူးတံတားတစ်စင်း သြဂုတ်လ ၃ ရက်က ရေတိုက်စားကျိုးကျသွားခဲ့ရာ ကားများရေထဲမျောပါသွားခဲ့ပြီး အနည်းဆုံး လူ ၂၀ ခန့်ပျောက်ဆုံးနေကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ရက်ပိုင်းအတွင်း မိုးသည်းထန်ကာ မြစ်ရေလျှံတက်ခဲ့မှုကြောင့် ယခုကဲ့သို့ တံတားကျိုးကျသွားခဲ့ခြင်းဖြစ်သည်။

မဟာရက်ရှ်ထရာ ပြည်နယ် မဟာဘယ်လီရှ်ဝါမြို့အနီး ယင်းတံတားကျိုးကျချိန်တွင် ကားများဖြတ်သန်းမောင်းနှင်သွားလာနေချိန်နှင့် တိုက်လျက်ရှိကာ ဘတ်စ်ကားနှစ်စီးအပါအဝင် ကားအများအပြား ဆက်ဗီထရီ မြစ်တွင်းသို့ မျောပါသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

" ခုထက်ထိတော့ အသေအပျောက်စာရင်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး၊ ဒီနေရာမှာက အရမ်းပဲ မှောင်နေပါတယ်၊ ဒါပေမယ့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံး လုပ်နေကြပါတယ်" ဟု မဟာရက်ရှ်ထရာ ပြည်နယ် ဝန်ကြီးချုပ် ဒီဗန်ဒရာ ဖာနာဗစ်က ပြောသည်။

" ခုချိန်ထိ ကားတွေရဲ့ အရိပ်အယောင်ကို ကျွန်တော်တို့ ရှာမတွေ့သေးပါဘူး၊ ဒိုင်ဗင်သမားတွေအပါအဝင် ကယ်ဆယ်ရေးသမား ၈၀ လောက် ရှိနေပါတယ်၊ ဒါပေမယ့် မိုးကလည်း သည်းနေတော့ သူတို့အလုပ်တွေ သိပ်မထိရောက်ဘူးဖြစ်နေတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသွားသည်။

အလားတူ ယခုနှစ် မုတ်သုံရာသီ မိုးကြီးရေကြီးမှုများကြောင့် အရှေ့မြောက်ပိုင်း ပြည်နယ်လေးခုတွင် သေဆုံးသူ ၁၈၃ ဦး ရှိသွားပြီဖြစ်ကာ လူပေါင်း ၇ ဒသမ ၇ သန်း နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြ ရသည်ဟု အမျိုးသား သဘာဝဘေးကာကွယ်ရေးအဖွဲ့မှ အကြီးအကဲ ရက်ကက်ရှ် ရန်ဂျန် က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly