ရခိုင်ပြည်နယ်မှ မူဆလင်များကို ဘင်္ဂလီဟု ခေါ်ရန် လွှတ်တော်တွင် အဆိုတင်

ရခိုင်ပြည်နယ်မှ မူဆလင်များကို ဘင်္ဂလီဟု ခေါ်ရန် လွှတ်တော်တွင် အဆိုတင်

သြဂုတ် ၃ ရက် ။         ။ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် အစ္စလမ်ဘာသာဝင် (မူဆလင်) များကို ရခိုင်ပြည်နယ်က မူဆလင်ဟု ခေါ်ဝေါ်မှုကို ရုပ်သိမ်းပြီး ဘင်္ဂလီဟုသာ ခေါ်ဝေါ်သုံးစွဲဖို့ ယနေ့ သြဂုတ် ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန်အစည်း (ပထမနေ့) တွင် ရခိုင်အမျိုးသားပါတီ၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အဆိုတင်သွင်းခဲ့သည်။

ဦးထွန်းအောင်သိန်း၏ အဆိုတွင် ရခိုင်ပြည်နယ်က စတင်ခဲ့သည့် ရိုဟင်ဂျင် ပြဿနာသည် မြန်မာနိုင်ငံ တစ်ခုလုံး၏ ပြဿနာ ဖြစ်ပြီး လူ့အခွင့်အရေး စံနှုန်းဖြင့် ဖြေရှင်းမည်ဆိုပါက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်သည်ဟု ဆိုထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်မှုတွင် ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်းဟု ခေါ်ဝေါ်သုံးစွဲရန် ညွှန်ကြားခဲ့ရာ ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ၊ အခြားတိုင်းရင်းသား မျိုးနွယ်စုများ၏ တည်ငြိမ်းအေးချမ်းမှုကို ပျက်ပြားစေနိုင်သော၊ ဒေသတွင်းပဋိပက္ခဖြစ်စေနိုင်သော၊ အမျိုးသားလုံးခြုံရေးကို ထိပါးစေနိုင်သော ဝေါဟာရစကားရပ် အသုံးအနှုန်းဖြစ်သဖြင့် ရုပ်သိမ်းပေးရန်နှင့် ဘင်္ဂလီဟုသာ ဆက်လက် ခေါ်ဝေါ်သုံးစွဲဖို့ အဆိုတင်သွင်းရခြင်း ဖြစ်သည်ဟုလည်း ဦးထွန်းအောင်သိန်းက ပြောသည်။

“ဒီကနေ့ချိန် ဒီမိုကရေစီအုပ်ချူပ်ရေးစနစ်အောက်မှာ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သူများလို့ ပြောင်းလဲခေါ်ဝေါ်ခံခဲ့ရတာဟာ တိုင်းရင်းသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးလိုက်ခြင်း ဖြစ်ပါတယ်။ ပြည်နယ်အစိုးရက ဇူလိုင် ၄ ရက်နေ့က ထုတ်ပြန်ချက်မှာ ရခိုင်ကို ရခိုင်လို့ ခေါ်ဝေါ်သုံးနှုန်းဖို့ ကြေညာချက်ဟာဆိုရင် ရခိုင်တွေအတွက် ဝမ်းသာရမလား၊ ဝမ်းနည်းရမလား အခြေအနေထိ ဖြစ်ခဲ့ရပါတယ်။" ဟုလည်း သူက ပြောသည်။

ယင်းအပြင် ကိုးကွယ်ရာ ဘာသာကို အစွဲပြု၍ လူမျိုးအမည်ကို ခေါ်ဝေါ်သုံးစွဲခဲ့မည်ဆိုပါက ရခိုင်ပြည်နယ်က ကမန်လူမျိုးတို့၏ နောက်ခံသမိုင်း အထောက်အထား ပျောက်ကွယ်သားနိုင်ပြီး ပြည်နယ်အတွင်း အသစ်ရောက်လာသော  လူမျိုးတစ်မျိုးအဖြစ်နှင့် ၎င်းတို့၏ ရပိုင်ခွင့် အခွင့်အရေးများမှာ အလိုအလျောက် ပျောက်ကွယ်သွားနိုင်မည် ဖြစ်ကြောင်း ဦးထွန်းအောင်သိန်းက ပြောကြားခဲ့သည်။

ဦးထွန်းအောင်သိန်း၏ အဆိုကို ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြပြီး မြေပုံမြို့နယ်မဲဆန္ဒနယ် ဦးမြသန်းက "ယခုအဆိုက တကယ်ပဲ တိုင်းပြည်အတွက် အရေးကြီးတဲ့ အဆိုဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ အားလုံးက ထောက်ခံကြတာ ဖြစ်ပါတယ်။" ဟု ပြောသည်။

ယနေ့ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန်အစည်း (ပထမနေ့) အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှွှတ်တော် ကိုယ်စားလှယ် ၄၇ ဦးအနက် ၄၂ ဦးက တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly