ဂဏန်းများ လှိုက်ခေါင်းဖောက်မှုကြောင့် ကျောက်ဖြူမြို့နယ်ရှိ မြို့ထိန်း ရေကာတာ ကျိုးပေါက်နိုင်ဖွယ်ရှိ

ဂဏန်းများ လှိုက်ခေါင်းဖောက်မှုကြောင့် ကျောက်ဖြူမြို့နယ်ရှိ မြို့ထိန်း ရေကာတာ ကျိုးပေါက်နိုင်ဖွယ်ရှိ
၂၀၁၀ ဂီရိမုန်းတိုင်းဝင်ရောက်မှုကြောင့် ပြိုပျက်ခဲ့သည့် ကျောက်ဖြူရေကာတာ (ဓာတ်ပုံ - Mizzima)

စစ်တွေ၊ သြဂုတ် ၂ ရက် ။                ။ တရုတ်-မြန်မာ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစတင်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အတွင်း ပင်လယ်ရေဝင်ရောက်မှုကို ကာကွယ်ရန် စီမံထားသည့် ရေထိန်းကာတာနံရံများသည် ဒီရေဒဏ်များကြောင့် ပျက်စီးနေသဖြင့် ကျိုးပေါက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ရေထိန်းကာတာ နံရံများပျက်စီမှုးသည် ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းက ပျက်စီးခဲ့ခြင်းဖြစ်ပြီး ကမ်းခြေရှိ ဂဏန်းများက အင်္ဂတေများ အောက်ရှိမြေသားများကို လှိုဏ်ခေါင်းအဖြစ် ဖောက်လုပ်ခြင်းနှင့် မခိုင်ခံမှုကြောင့် ၁၀ ပေ ပတ်လည်ရှိ အပေါက်နှစ်ပေါက် ပေါက်သွားခဲ့ကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရူခဲ့သည့် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံက ပြောသည်။

“ပေါက်ပျက်စီးသွားတာက မြို့တောင်ဘက်က နရံတွေပါ၊ အဲဒီဘက်ကမြေလည်း နိမ့်တယ်။ လက်ရှိတော့ ရဲတပ်ရင်းအမှတ် (၃၂) က ရဲဘော်တွေရဲ့အကူညီကိုယူပြီး ပီနံအိတ်တွေနဲ့ မြေထည့်ပြီး ကာထားကြပါတယ်။ ဒါကလည်း ယာယီပါပဲ။ တကယ်လို့ ဆက်ပြီး ပေါက်သွားခဲ့ရင် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စေတီတောင်ရပ်ကွက်၊ အနောက်ဘက် ပိုက်ဆိပ်ရပ်ကွက်၊ပြင်ဖြူမော် တောင်ရဲကျေးရွာ အုပ်စုရဲ့ သရေကုန်းရွာရယ် ပင်လယ်ရေဝင်ရောက်မှာကို စိုးရိမ်ရတယ်။ ဆည်မြောင်း ဌာနာကိုလည်း ပြောထားပြီးပါပြီ"

အဆိုပါ ကမ်းထိန်းနရံများပျက်စီးမှုနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနရုံးသို့ဆက်သွယ်မေးမြန်းရာတွင် “  ကျွန်တော်တို့ လုပ်ငန်းစဉ် ခြောက်ခုနဲ့ ပြည်နယ် အစိုးရဆီက တင်တောင်းထားပါတယ်။ ၃၆၉ သန်းတင် တောင်းထားပါတယ်။ ကမ်းထိန်း နရံတွေကို ကျောက်တွေပြန်စီ မယ်၊ မြေသားတွေပြန်ဖို့မယ် ဆိုပြီးတော့ပေါ့” ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ဆိုသည်။

ရေကာတာနှင့် ပတ်သက်ပြီး မြို့ခံများ၏ စိုးရိမ်မှုနှင့် ရေကာတာ၏ ကြံ့ခိုင်မှုနှင့် ပတ်သက်ပြီး ကျောက်ဖြူခရိုင် ဆည်မြောင်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် "လူကြီးတွေ ခရီးထွက်နေလို့ ဖြေကြားနိုင်မယ့်သူ မရှိပါဘူး ခင်ဗျား။ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါလောက် တခေါက် ပြန်ဆက်သွယ်ပါ" ဟုသာ ဖြေကြားခဲ့သည်။

ကျောက်ဖြူမြို့အား ပင်လယ်ရေ ဝင်ရောက်မှုမှ ကာကွယ်ထားသည့် ကမ်းထိန်းနရံသည် ၁၉၇၁ ခုနှစ် မတိုင်မီ ကာလကပင် မြို့နယ် မြူနီစပယ်မှ ပေ ၄၀၀၀ အား စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ကျောက်ဖြူမြို့နယ်၏ မြစ်ကမ်းပါး၊ မြေထိန်း နံရံဖြစ်သော တောင်ရင်းတောင်ခြေမှ ပြင်ဖြူမော် အထိ ၄.၆၃ မိုင်ကို ဆည်မြောင်း ဝန်ကြီးဌာနက လည်းကောင်း၊ အမှတ်(၁) ဆိပ်ကမ်းမှ ဂေါက်ကလပ် အထိ ပေ ၅၀၀၀ နှင့် သာသနာ ၂၅၀၀ ဘုရားမှ ခမရ ၅၄၂ ရှေ့အထိ ပေ ၁၂၅၀ ကို လမ်းဦးစီးဌာနမှ လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်လျှက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly