အမေရိကန်ပိတ်ဆို့အရေးယူမှု စာရင်းထဲမှ ဦးတေဇ၏ ဇနီး နှင့် ဝန်ကြီးချုပ်ဟောင်း စိုးဝင်းကို ဖယ်ရှားပေး

အမေရိကန်ပိတ်ဆို့အရေးယူမှု စာရင်းထဲမှ ဦးတေဇ၏ ဇနီး နှင့် ဝန်ကြီးချုပ်ဟောင်း စိုးဝင်းကို ဖယ်ရှားပေး

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ ဇနီး ဒေါ်သီတာဇော် နှင့် မကြာသေးမီက ကွယ်လွန်သွားခဲ့သည့် မြန်မာဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှု စာရင်းမှ ဖယ်ရှားပေးလိုက်ကြောင်း Wall Street ဂျာနယ်က ဇူလိုင်လ ၉ ရက်က ရေးသားဖော်ပြခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံရပ်ခြား ဥစ္စာဓန ထိန်းချုပ်ရေး ဌာန (OFAC) က ၎င်းတို့၏ ဝက်(ဘ်)ဆိုဒ်တွင် ကြာသပတေးနေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ဒေါ်သီတာဇော် အပေါ် ပိတ်ဆို့အရေးယူမှုများအား ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း ဆိုထားသည်။ ယခင် မြန်မာစစ်အစိုးရနှင့် နီးစပ်သော စီးပွါးရေးသမား (ခရိုနီ) များအား အရေးယူသည့် အနေဖြင့် အမေရိကန်သည် ၂၀၀၇ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှု အမိန့်တစ်ရပ်ကို ပြဌာန်းခဲ့ရာ ပိတ်ဆို့ဒဏ်ခတ်ခံရသူ စာရင်းထဲတွင် ဒေါ်သီတာဇော် သည် ခင်ပွန်းဖြစ်သူ ဦးတေဇ နှင့် အတူ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ဦးတေဇသည် မြန်မာနိုင်ငံတွင် အကြွယ်ဝဆုံးသော စီးပွားရေးသမားများထဲမှ တစ်ဦးဖြစ်သည်။

‘အခြေအနေတွေက ပြောင်းလဲသွားပြီဆိုတော့ သူမ (သီတာဇော်)အနေနဲ့ သူမကို ဒဏ်ခတ်ပိတ်ဆို့စာရင်းဝင်စေတဲ့ စံသတ်မှတ်ချက်တွေနဲ့လည်း မကိုက်ညီတော့ဘူး’ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက Risk & Compliance Journal ကို ပြောကြားခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းတော့ မရှိခဲ့ပေ။ ၂၀၀၇ခုနှစ်က ဝီကီလိခ် (Wikileaks)က ဖွင့်ချခဲ့သည့် အမေရိကန်သံရုံးသတင်းတွင်မူ ဒေါ်သီတာဇော်သည် ဦးတေဇနှင့် ကွဲကွာနေသည်မှာ နှစ်ပေါင်းအတော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး စီးပွားရေးအရ ဆက်သွယ်ခြင်းလည်းမရှိဟု ဒေါ်သီတာဇော်၏ သားဖြစ်သူက ပြောကြားကြောင်း ကိုးကားဖော်ပြထားသည်။

ဇူလိုင် ၉ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားသည့် စာရင်းထဲတွင် ပါမလာသောကြောင့် ဦးတေဇမှာမူ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံနေရဆဲပင်ဖြစ်သည်။ ထို့အပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာဝန်ကြီးချုပ်ဟောင်း ဦးစိုးဝင်းနှင့် ယခင် စစ်တပ်အရာရှိဟောင်း ဦးမောင်ဘိုတို့နှစ်ဦးအပေါ်တွင် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း ဖယ်ရှားပေးခဲ့သည်။ ၂၀၀၇ခုနှစ် ၎င်းတို့နှစ်ဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီးနောက် မကြာမီတွင် နှစ်ဦးစလုံးမှာ သေဆုံးသွားခဲ့ကြသည်ဟု အဆိုပါ ပြောခွင့်ရအမျိုးသမီးက ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး နွေးထွေးလာရာတွင် ဇူလိုင်လ ၉ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားပေးခြင်းများမှာ ၂၀၁၂ခုနှစ်က စတင်လာခဲ့သည့် အမေရိကန်၏ မြန်မာအပေါ် ဒစ်ခတ်ပိတ်ဆို့မှုများ တဖြည်းဖြည်း ဖယ်ရှားပေးနေမှု၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ထောက်ခံသွားမှာပါဟုလည်း အဆိုပါအမျိုးသမီးက ထပ်လောင်းပြောကြားသွားခဲ့သည်။

‘ရှေ့ဆက်ပြီးတော့လည်း မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာနေတဲ့ အခြေအနေတွေနဲ့အညီ စာရင်းထပ်တိုးတာပဲဖြစ်ဖြစ်၊ ထပ်လျှော့တာပဲဖြစ်ဖြစ် သင့်တော်သလို လုပ်သွားမှာပါ’’ဟုလည်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly