အိန္ဒိယတွင် သားအမိနှစ်ဦးအား အုပ်ဖွဲ့သားမယားပြုကျင့်ရာ၌ ပါဝင်သူ သုံးဦးအား ဖမ်းမိ

အိန္ဒိယတွင် သားအမိနှစ်ဦးအား အုပ်ဖွဲ့သားမယားပြုကျင့်ရာ၌ ပါဝင်သူ သုံးဦးအား ဖမ်းမိ

နယူးဒေလီ၊ သြဂုတ် ၁ ။            ။ အိန္ဒိယနိုင်ငံတွင် သားအမိနှစ်ဦးအား အုပ်စုလိုက် သားမယားပြုကျင့်မှုတွင် ပါဝင်သည့် သံသယရှိသူသုံးဦးအား ဖမ်းဆီးရမိပြီး ရမန်ကြီး ၁၄ ရက်ဖြင့် အကျဉ်းချထားကာ စုံစမ်းစစ်မေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်က ဒေလီဆင်ခြေဖုံးရပ် နိဒါမြို့နှင့် ကန်ပါမြို့ကြား အဝေးပြေးလမ်းတစ်နေရာတွင် အဆိုပါ သားအမိနှစ်ဦးကို လူတစ်အုပ်က ကားပေါ်က ဆွဲချကာ သားမယားပြုကျင့်ခဲ့ကြခြင်းဖြစ်သည်။

ထိုသားအမိနှစ်ဦးနှင့်အတူ ရှိခဲ့ကြသည့် ဆွေမျိုးသားချင်း အမျိုးသားသုံးဦးကိုလည်း ဝိုင်းဝန်းတိုက်ခိုက်ပြီး ချုပ်နှောင်ထားကာ သားအမိနှစ်ဦးအား မုဒိမ်းပြုကျင့်ခဲ့ကြခြင်းဖြစ်သည်။
ထိုဖြစ်ရပ်ဖြစ်စဉ်ကြောင့် နိုင်ငံတစ်လွှား စိတ်ဆိုးဒေါသထွက်ကြရကာ ရဲများ၏ လုပ်ရည်ကိုင်ရည်အပေါ်၌လည်း မေးခွန်းထုတ်စရာများ များပြားခဲ့သည်။

ဖြစ်ပွားစဉ်အချိန်က တိုက်ခိုက်ခံရသူများမှ တစ်ချို့က အရေးပေါ်ကူညီပေးရေးလိုင်းကို ခေါ်ဆိုသော်လည်း တုံ့ပြန်မှု မရှိခဲ့ကြောင်း ပြောကြသည်။

အရေးပေါ်လိုင်းက ဆက်တိုက် မအားသေးဘူးဖြစ်နေကြောင်း၊ နောက်ဆုံး လိုင်းဝင်သွားချိန်တွင်လည်း တာဝန်ရှိသူဖက်က ကူညီပေးရမည့်အစား မေးခွန်းများသာ ဆက်တိုက်မေးနေခဲ့ကြောင်း တိုက်ခိုက်ခံရသူများမှ တစ်ဦးသောသူက ဟိန္ဒူစတန်နီတိုင်းမ်စ်သို့ ပြောသည်။

ထို့ပြင် အခင်းဖြစ်နေစဉ် တစ်ဝိုက်တွင် လယ်ကွင်းကိုဖြတ်၍ ရဲကားတစ်စီး မောင်းနှင်သွားခဲ့ကြောင်း၊ သို့သော်လည်း ရပ်တန့်ကူညီခြင်းမရှိ ဆက်လက်မောင်းနှင်သွားကြောင်း တိုက်ခိုက်ခံခဲ့ရသူများက ပြောဆိုသည်။

ဇူလိုင် ၃၁ ရက်က သုံးဦးကို ဖမ်းဆီးရမိပြီး ကျုးလွန်ခံရသူများက ၎င်းတို့သုံးဦးအား တရားခံများအဖြစ် ခွဲခြားအတည်ပြုပြီးလည်းဖြစ်၍ ရမန်ချုပ်ဖြင့် ချုပ်နှောင်ထားရှိကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဘီဘီစီသို့ပြောသည်။

ယနေ့ သြဂုတ် ၁ ရက်၌လည်း နောက်ထပ်လူသုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲခုနစ်ဦးကိုလည်း ဥတာပရာဒေ့ရှ်ပြည်နယ်အစိုးရက တာဝန်ဆိုင်းငံ့လိုက်ပြီး အမှုအား စုံစမ်းထောက်လှမ်းရေးအတွက် ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ကို သုံးစွဲထားသည်။

ထိုအမှုအခင်းတွင် တိုက်ခိုက်ခံရသည့် မိသားစုက ငွေကြေး၊ လက်ဝတ်လက်စားနှင့် မိုဘိုင်းဖုန်းများကိုလည်း ဓားပြတိုက်လုယူခြင်းလည်း ခံရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly