ကျောက်ဖြူမြို့နယ်မှ သိမ်းဆည်းခံမြေဧက ၁၂၀၀ ခန့်ကို တပ်မတော်မှ လွှဲပြောင်းပေး

ကျောက်ဖြူမြို့နယ်မှ သိမ်းဆည်းခံမြေဧက ၁၂၀၀ ခန့်ကို တပ်မတော်မှ လွှဲပြောင်းပေး

စစ်တွေ၊ သြဂုတ် ၁ ရက် ။  ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အမှတ်(၅၄၃) ခြေမြန်တပ်ရင်းမှ သိမ်းဆည်းထားသည့် မြေဧက ၁၂၀၃ ဧကကို မူလလယ်ပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

လွှဲပြောင်းခြင်းအခမ်းအနားကို သြဂုတ် ၁ ရက် ကျောက်ဖြူမြို့နယ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော အစိုးရအဖွဲ့နှင့် မူလလယ်ပိုင်ရှင် ၄၀ ဦးခန့်က တက်ရောက်ခဲ့သည်။

“မြေတွေကို ပြန်လည်ပေး အပ်တာကတော့ ပထမဆုံးအကြိမ်ပါပဲ၊ အရင်တော့ မရှိခဲ့ပါ” အခမ်းအနားကို တက်ရောက်ခဲ့သည့် ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးမှ ဦးထွန်းကြည်က ပြောသည်။

လွှဲပြောင်းပေးခဲ့သည့် သိမ်းဆည်းခံမြေများမှာ ကျောက်ဖြူခရိုင်အတွင်းရှိ အုန်းတော ကျေးရွာအုပ်စု၊ မီးချောင်းရေသောက်ကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာအုပ်စု၊ ပန်းတောင်ပြင် ကျေးရွာအုပ်စု၊ မင်းတက်တောင်ကျေးရွာအုပ်စု၊ ကျွန်းသစ်ကျေးရွာအုပ်စုနှင့် ကျောက်တန်းကျေးရွာ အုပ်စုတို့တွင် တည်ရှိပြီး ၎င်းမြေများကို ကာကွယ်ရေးဝန်ကြီးဌာနမှ အသုံးပြုရန် မလိုအပ်တော့သဖြင့် စွန့်လွှတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဇူလိုင် ၂၇ ရက်နေ့ ထုတ်ပြန်သော အမိန့်ကြေငြာစာ အမှတ် ၁၅၉၀/၂၀၁၆ တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly