ရခိုင်စစ်ရှောင် ၄၀၀ ခန့် စားနပ်ရိက္ခာ ပြတ်လပ်နေ

ရခိုင်စစ်ရှောင် ၄၀၀ ခန့် စားနပ်ရိက္ခာ ပြတ်လပ်နေ
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်ဒုက္ခသည်များ (ဓာတ်ပုံ - RiA)

စစ်တွေ၊ သြဂုတ် ၁ ရက် ။              ။ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးနေကြရသည့် စစ်ရှောင် ၄၀၀ ခန့်မှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေသည်။

စစ်ရှောင်များမှာ ကျောက်တော်မြို့နယ်၊ ငစင်းရိုင်းကိုင်းကျေးရွာရှိ ယိုးချောင်းဖျားတွင် ခိုလှုံနေကြခြင်း ဖြစ်ပြီး မြိုတိုင်းရင်းသား ၃၀၀ ကျော်နှင့် ရခိုင်တိုင်းရင်းသား ၁၀၀ ခန့်ရှိသည်။

“ပြည်နယ်အစိုးရက စစ်ဘေးရှောင် အိမ်ထောင်တွေကို  ထောက်ပံ့ကြေး ၂ သိန်းရပြီး ကတည်းက အစိုးရဆီက နောက်ထပ် ကူညီတာတော့ မရှိသေးပါဘူး၊ လူမှုရေးအဖွဲ့အစည်းတွေ ဆီကလည်း ကယ်ဆယ်ရေး မလာတာ ၁ လာကျော်ကြာပါပြီ၊ ဒီလိုပဲ ရွာအနီးမှာ ရှိတဲ့ ဟင်းတွေခူးပြီး လာဝယ်တဲ့သူတွေကိုရောင်းရင်း ရှာစားနေကြရတယ်” ဟု ငစရိုင်းကိုင်ကျေးရွာက တာဝန်ကျ မှုလတန်း ကျောင်းအုပ် ဦးမောင်ကြီးက ပြောသည်။

စစ်ဘေးရှောင်အများစုများမှာ တောင်ယာလုပ်ငန်းကို အခြေခံပြီး လုပ်ကိုင်စားသောက်သူများ ဖြစ်ပြီး စစ်ပွဲများ မရှိတော့သော်လည်း တောထဲသို့ ဝင်ရောက်ပါက စစ်ကြောင်းများနှင့် တိုးမိမည်စိုး၍ တကြောင်း၊ မြေမြုပ်မှိုင်းအန္တရာယ်စိုးရိမ်မိ၍တကြောင်း စသဖြင့် မသွားရောက်လိုကြောင်း သိရသည်။

 “လက်ရှိတော့ စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးအဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကြားသိရပါတယ်၊ ဒီကိစ္စတွေနဲ့ ပါတ်သက်ပြီး မနက်ဖြန် ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ အလွတ်သဘောတွေ့ဆုံပါမယ်၊ အဆင်မပြေဘူးဆိုရင် လွှတ်တော်မှာ ပြန်ပြီး စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ ပြန်လည်တောင်းဆိုပါမယ် “ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က က ပြောသည်။

မကြာခင်က ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် (၁၁-၅-၂၀၁၆) တတိယနေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအရေးနှင့် ပတ်သက်ကာ ဆွေးနွေးခဲ့ပြီးနောက် ပြည်နယ်အစိုးရအဖွဲ့မှ ကူညီရန် ဆုံးဖြတ်ခဲ့သော်လည်း တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ သိန်းသာ အကူအညီပေးမှု ရရှိခဲ့သည်။

စစ်ဘေးရှောင်ဒုက္ခသည်များသည် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီတောင်၊ ရသေ့တောင်မြို့နယ်များတွင်  ယာယီနေထိုင်ကြရပြီး စုစုပေါင်း၂၆၃၉ ဦးထိ ရှိနေကြောင်း ပြည်နယ်လွှတ်တော် မှတ်တမ်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags