အစိုးရအပေါ် ဆန့်ကျင်သူများအား အရေးယူဖမ်းဆီးနိုင်ခွင့်ရှိမည့် အမျိုးသားလုံခြံုရေး အက်ဥပဒေသစ် မလေးရှားတွင် ပြဌာန်း

အစိုးရအပေါ် ဆန့်ကျင်သူများအား အရေးယူဖမ်းဆီးနိုင်ခွင့်ရှိမည့် အမျိုးသားလုံခြံုရေး အက်ဥပဒေသစ် မလေးရှားတွင် ပြဌာန်း

သြဂုတ် ၁ ။             ။ မလေးရှားနိုင်ငံတွင် အစိုးရအတိုက်အခံများအား ပြင်းပြင်းထန်ထိန် ဖိနှိပ်အရေးယူနိုင်မည့် အမျိုးသား လုံခြုံရေးကောင်စီ အက်ဥပဒေသစ်တစ်ခု  သြဂုတ်လ ၁ ရက်က စတင်အသက် ဝင်လာခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ခြစားမှုပြဿနာများဖြင့် ရင်ဆိုင်နေရသော ဝန်ကြီးချုပ်နာဂျစ်၏ အစိုးရအပေါ် ဝေဖန်တိုက်ခိုက်နေသူများအား ဖိနှိပ်ရန် ရည်ရွယ်ချက် သက်သက်ဖြင့် ယခုဥပဒေကို ပြဌာန်းခြင်းဖြစ်ကြောင်းနှင့် ယင်းမှာ ဒီမိုကရေစီ၏ အနှစ်သာရကို တိုက်စားသွားနိုင်ဖွယ်ရှိကြောင်း ဝေဖန်သူများက ပြောကြားနေကြသည်။

ယခု ပြဌာန်းလိုက်သော ဥပဒေအရ "လုံခြုံရေး ခြိမ်းခြောက်မှု" ဟု ယူဆရသော ဧရိယာများတွင် အစိုးရအနေဖြင့် အရေးပေါ် စစ်ဥပဒေထုတ်ပြန်နိုင်ခွင့် ရရှိမည်ဖြစ်သည်။

လက်ရှိ ရင်ဆိုင်နေရသော နိုင်ငံရေးနှင့် ဥပဒေရေရာ စိန်ခေါ်မှုများကို တုန့်ပြန်နိုင်ရန် ဝန်ကြီးချုပ် နာဂျစ် ဦးဆောင်သော အစိုးရက နိုင်ငံတွင် ယခုကဲ့သို့ ပြင်းထန် ကြမ်းတမ်းသော ဥပဒေများကို ပြဌာန်းနေသည်ဟု ဝေဖန်သူများက တိုက်ခိုက်ပြောကြားခဲ့ကြသည်။

" ဒီဥပဒေကြောင့် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ပါဝင်လိုတဲ့ပြည်သူတွေအတွက် အကြောက်တရားတွေ ဖြစ်ပေါ်လာစေခဲ့ပါပြီ" ဟု မလေးရှား နိုင်ငံရေးနှင့်စီးပွားရေး အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီနှင့် စီးပွားရေးရာ အဖွဲ့မှ အကြီးအကဲ ဝမ် ဆိုင်ဖူ ဝမ်ကျန်ကပြောသည်။

ယခု အက်ဥပဒေအရ ဝန်ကြီးချုပ် ဦးဆောင်မည့် အမျိုးသားလုံခြုံရေးကောင်စီအနေဖြင့် လိုအပ်ပါက သတ်မှတ်လုံခြုံရေး ဧရိယာများတွင် အရပ်ဘက်လွတ်လပ်ခွင့်များ ရုတ်သိမ်းခွင့်ရှိမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များကို ရှာဖွေ၊ဖမ်းဆီး စစ်ဆေးခွင့်အပ်နှင်းထားမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ အက်ဥပဒေကို ဝန်ကြီးချုပ် နာဂျစ်အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ပါလီမန်သို့ တင်သွင်းထားခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် မစ္စတာ နာဂျစ်မှာ အကျင့်ဖျက်ခြစားမှု ကိစ္စရပ်များဖြင့် ရာထူးမှ နှုတ်ထွက်ရန် ဖိအားပေးတောင်းဆိုခံထားရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly