ကဘူးလ်မြို့တွင် နိုင်ငံခြားသားများနေထိုင်ရာ အိမ်ရာဝင်းအား တာလီဘန်များ လာရောက်တိုက်ခိုက်

ကဘူးလ်မြို့တွင် နိုင်ငံခြားသားများနေထိုင်ရာ အိမ်ရာဝင်းအား တာလီဘန်များ လာရောက်တိုက်ခိုက်

ကဘူးလ်၊ သြဂုတ် ၁ ။              ။ အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်ရှိ နိုင်ငံခြားသား ကန်ထရိုက်တာများနေထိုင်သည့် အိမ်ရာဝင်းအား တာလီဘန်တိုက်ခိုက်ရေးသမားများ လာရောက်တိုက်ခိုက်သည်။

သြဂုတ် ၁ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်အချိန်တွင် ကဘူးလ်မြို့အနှံ့ ပေါက်ကွဲသံကြီးတစ်ရပ်ကို ကြားရသည်။

နိုင်ငံခြားသားများ အိမ်ရာဝင်း North Gate တွင် လော်ရီကားဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သတင်းထောက်များက ပြောသည်။ တာလီဘန်ကလည်း ၎င်း၏ တိုက်ခိုက်ရေးသမားများက ယင်းအိမ်ရာဝင်းကို စီးနင်းတိုက်ခိုက်နေပြီဖြစ်ကြောင်း ကြေညာသည်။

တာလီဘန်များနှင့် ရဲများ အပြန်အလှန်တိုက်ပွဲဖြစ်နေပြီး ရဲတစ်ဦးနှင့် စစ်သွေးကြွတစ်ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူ ရဲတစ်ဦးလည်း ရှိကြောင်း သိရသည်။

North Gate အိမ်ရာဝင်းသည် လုံခြုံရေးအစောင့်အကြပ် ထူပြောစွာချထားသည့် အိမ်ရာဝင်းဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်ခန့်ကလည်း စစ်သွေးကြွများ လာရောက်တိုက်ခိုက်ခံရသည့် ဝင်းဖြစ်သည်။

ပေါက်ကွဲမှုကြီးဖြစ်ပြီးနောက် ကဘူးလ်မြို့အပိုင်း တော်တော်များများ လျှပ်စစ်မီးများ ပြတ်တောက်သွားသည်။

“ကျွန်တော် အိပ်ဖို့လုပ်တုန်း ပေါက်ကွဲတာကြီး ကြားလိုက်တယ်။ မီးတွေ ပြတ်သွားတယ်။ တော်တော်ပြင်းပြီး အတော်လည်း ကြီးတဲ့ ပေါက်ကွဲမှုပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်သည့် အသေခံဗုံးခွဲသမားနှစ်ဦး ကဘူးလ်မြို့တွင်း အသေခံဗုံးခွဲတိုက်ခိုက်၍ လူပေါင်း ၈၀ သေဆုံးကာ ဒဏ်ရာရသူ ၂၃၀ ကျော်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly