တိုကျိုမြို့တော်ဝန်အဖြစ် ပထမဆုံးအမျိုးသမီးတစ်ဦးအား တင်မြှောက်

တိုကျိုမြို့တော်ဝန်အဖြစ် ပထမဆုံးအမျိုးသမီးတစ်ဦးအား တင်မြှောက်

တိုကျို၊ သြဂုတ် ၁ ။              ။ ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုမြို့၏ မြို့တော်ဝန်အဖြစ် ယခင်ဂျပန်ကာကွယ်ရေးဝန်ကြီး အမျိုးသမီးဖြစ်သူ ယူရီကိုကိုအိကီအား ရွေးကောက်တင်မြှောက်ရာ တိုကျိုမြို့၏ ပထမဆုံး အမျိုးသမီးမြို့တော်ဝန်ဖြစ်လာသည်။

ဇူလိုင် ၃၀ ရက်က ရွေးကောက်ပွဲ၌ ကိုအိကီက မဲရလဒ်ပေါင်း ၂ ဒဿမ ၉ သန်းဖြင့် ပြိုင်ဖက်များအား အပြတ်အသတ်အသာဖြင့် အနိုင်ရခြင်းဖြစ်သည်။

မြို့တော်ဝန်ဖြစ်လာသည့် ကိုအိကီအနေဖြင့် ရင်ဆိုင်ရမည့် အဓိကစိန်ခေါ်မှုများအနက် တစ်ခုမှာ ၂၀၂၀ အိုလံပစ်အားကစားပွဲတော် အိမ်ရှင်အဖြစ် ကျင်းပရေး ပြင်ဆင်ဆောင်ရွက်နေမှုများတွင် ပြဿနာဖြစ်ပေါ်နေသော ငွေကြေးအရှုပ်အရှင်းကိစ္စရပ်ဖြစ်သည်။

အားကစားပွဲတော်နှင့် ပတ်သက်ဖြစ်ပေါ်နေသော အဆိုပါ ငွေကြေးအရှုပ်တော်ပုံကြောင့် ယခင်မြို့တော်ဝန်နှစ်ဦး ရာထူးက နှုတ်ထွက်ခဲ့ရခြင်းလည်းဖြစ်သည်။

“မကြုံမတွေ့ဖူးတဲ့ နည်းနာလမ်းစဉ်သစ်တွေနဲ့ တိုကျိုအတွက် မူဝါဒများ ချမှတ်ပြီး ကျွန်မ ဦးဆောင်သွားပါမယ်။ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ တိုကျိုမြို့မျိုး ပုံဖော်တည်ဆောက်မှာဖြစ်တယ်။”ဟု ကိုအိကီက ပြောသည်။

ကိုအိကီသည် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်သော်လည်း နောက်ပိုင်း တစ်သီးပုဂ္ဂလ ရပ်တည်ခဲ့သူဖြစ်သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ်မှ ဘွဲ့ရရှိထားသူဖြစ်ကာ ရုပ်သံဂျာနယ်လစ်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly