မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆန်းစစ်ခြင်း အစီရင်ခံစာ တစ်စောင် ထုတ်ပြန်

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆန်းစစ်ခြင်း အစီရင်ခံစာ တစ်စောင် ထုတ်ပြန်

ချင်းမိုင်၊ ဇူလိုင် ၃၀ ။                ။ မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆန်းစစ်ခြင်း အမည်ပေးထားသော အစီရင်ခံစာ တစ်စောင် ကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ဇူလိုင်လ ၃၀ ရက်က ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာတွင် မွန်ပြည်နယ်အတွင်း လတ်တလော ဝင်ရောက်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကြောင့် အထူးသဖြင့် မြေယာ အငြင်းပွားမှု၊ သဘောဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်းများအပေါ် အကျိုးသက်ရောက်မှု၊ ပွင့်လင်းမြင်သာမှုမရှိမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြထား သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်းက ကျိုက်မရောနှင့် ရေးမြို့နယ် များတွင် အဓိကထား အချက်အလက်များ ကောက်ခံစုဆောင်းခြင်းနှင့် သုတေသနပြုလုပ်၍ စာမျက်နှာ ၁၁၉ မျက်နှာပါ အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“မွန်ပြည်နယ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအားဖြင့် ရေးနဲ့ကျိုက်မရောမြို့နယ်ဘက်မှာ ဝင်ရောက်လာတာ ရှိတယ်။ အများအားဖြင့် သယံဇာတ ထုတ်ယူသုံးစွဲဖို့ ရင်းနှီးမြုပ်နှံမှုတွေရှိသလို၊   ကျောက်မီးသွေးကို အသုံးပြုပြီးတော့ ရင်းနှီးမြုပ်နှံတာတွေ ရှိတယ်။ ဒီအပေါ်မှာ စီမံကိန်းမစတင်ခင်နဲ့ စတင်ပြီးချိန်မှာ ကျနော်တို့ ဒေသခံပြည်သူတွေ အပေါ်မှာ ထိခိုက်နေတဲ့ အနေအထားတွေ ရှိနေတယ်၊ ဒီဟာတွေကို အများပြည်သူတွေ၊ ဒီေပေါ်မှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေလူတွေ အဲဒီအပေါ်မှာ ပိုပြီးတော့ ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဖြစ်လာစေဖို့ ထုတ်ပြန်ရခြင်းဖြစ်တယ်”ဟု မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ဒေသခံ ပြည်သူများအပေါ် ထိုခိုက်မှုများ ရှိနေမှုကို စီမံကိန်းဖော်ဆောင်နေသူများ သိရှိစေရန်နှင့် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ကလည်း   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ထိုခိုက်နစ်နာမှုများ လျော့ချနိုင်ရန် အစီရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ၁၀ မြို့နယ်အနက် ရေးနှင့် ကျိုက်မရောမြို့နယ်များတွင် တွင်းထွက်သံယံဇာတထုတ်ယူသော ကုမ္ဗဏီများ၏ အကျိုးသက်ရောက်မှုအများဆုံး ခံစားရပြီး ရေးမြို့နယ်နှင့် ကျိုက်မရောမြို့နယ်အတွင်းမှ ဒေသခံ ပြည်သူများထံမှ လယ်မြေနှင့် ယာမြေ ဧကပေါင်း ၄၀၀၀ ကျော်ကို မတရားဝယ်ယူမှုများ ပြုလုပ်ခဲ့သည်ဟု သူက ပြောသည်။

ဒေသခံများက မြေယာများ ပြန်လည် ရရှိရေး၊ နစ်နာကြေးများ ပြန်လည် ရရှိရန်အတွက် သက်ဆိုင်ရာ မြောဖြေရှင်းရေးကော်မရှင်များ၊ မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင်များထံသို့တဆင့် အကူအညီတောင်းခံစာ၊ ကန့်ကွက်စာများ၊ အသနားခံစာများကိုလည်း ယခုအစီရင်ခံစာတွင် ထည့်သွင်းထားကြောင်းလည်း သိရသည်။

ကာလပေါက်ဈေး တစ်ဧကလျှင် သိန်းချိန်ပြီး ဝယ်ယူနေရသည့်အချိန်တွင် အဆိုပါ ဒေသခံ ရွာသားများကိုမူ တစ်ဧကလျှင် အနည်းဆုံး ၅၀၀၀၀ ကျပ်မှ အများဆုံး ၃ သိန်းကျော်သာပေး၍   မြေယာရယူမှုများ ပြုလုပ်ခဲ့သည်ဟု သူက ပြောသည်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှု ဥပဒေကို ပြဌာန်းအတည်ပြုပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်အထိ ရှိလာသည်ဟုဆိုသော်လည်း နိုင်ငံခြား ကုမ္ဗဏီများအနေဖြင့် အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေး ထက် တွင်းထွက် သံယံဇာတ ထုတ်ယူ ရေးတွင်သာရင်းနှီးမြှုပ်နှံကြပြီး လိုအပ်သော လျှပ်စစ်စွမ်းအင်အတွက် ကျောက်မီးသွေးကို အဓိကထား သုံးစွဲရန် ရည်ရွယ်ခဲ့သည်ဟု ဆိုထားသည်။

မွန်ပြည်နယ်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံနေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ဗဏီများသည် Siam Cement Group-SCGနှင့် Pacific Link Cement industry တို့ ပူးပေါင်းတည်ထောင်ထားသော   မော်လမြိုင်ဘိလပ်မြေလိမိတက်(Mawlamyine Cement limited-MCL)၊ June Cement industry Ltd၊ တိုယိုထိုင်းကုမ္ဗဏီ(Toyo-Thai Corporation Public Company limited-TTCL)နှင့် Aurum Company limited တို့ ဖြစ်သည်ဟု သိရသည်။

၂၀၁၃ ခုနှစ်က မော်လမြိုင်ဘိလပ်မြေလိမိတက်သည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသတွင် မော်လမြိုင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ရင်းနှီးမြှုုပ်နှံထားပြီး June Cement industry Ltd သည် ၂၀၁၁ ခုနှစ်က ကျိုက်မရောမြို့နယ် အတ္တရံမြစ် ကမ်းဘေးရှိ မြေဧက ၇၀၀ ကို ဘိလပ်မြေစက်ရုံတည်ဆောက်ရန် လုပ်ဆောင်ခဲ့ပြီး တိုယိုထိုင်းကုမ္ဗဏီက ၂၀၁၄ ခုနှစ်တွင် ကဗျာဝကမ်းခြေ အပါအဝင် ရေးမြို့နယ် ခေါဇာအနီးရှိ ကမ်းခြေများတွင် ရင်းနှီမြှုပ်နှံမှု ပြုလုပ်ခဲ့ရာ ရေးမြို့မှ ၂၇ ကီလိုမီတာကျော် အကွာအဝေးတွင် ကဗျာဝ ကမ်းခြေတွင် အပန်းဖြေစခန်းတခု တည်ဆောက်သွားမည် ဖြစ်ကာ သဘာဝ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်သူ့အခွင့်အရေးဖောင်ဒေးရှင်းမှ အစီရင်ခံစာ ပြုစုစဉ် စိန်ခေါ်မှုများစွာ ကြုံတွေ့ရသော်လည်း ဒေသခံ ရွာသူရွာသားများ၏ ဆုံးရှူံးနစ်နာမှုများနှင့် ပတ်သက်၍ နောင်တစ်ချိန် စည်းရုံးလှုံ့ဆောင် ပညာပေးရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ အချက်အလက်များ အပြည့်စုံဆုံးနှင့် အမှန်ကန်ဆုံးဖြင့် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း(Human Right foundation of Monland-HURFOM)ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်ေးရး ပြန်လည် ထွန်းကားရန် ရည်ရွယ်၍ ၁၉၉၅ ခုနှစ် ဇွန်လက စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

အစီရင်ခံစာနှင့် ပတ်သက်၍ ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် မော်လမြိုင်မြို့ရှိ ကောင်းမြတ်ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly