ယာယီရပ်နားခဲ့သည့် မြိတ်သစ်ပါးလွှာအထပ်သားစက်ရုံ အလုပ်သမားများနစ်နာကြေးကိစ္စ ညှိနှိုင်းမှုပြေလည်

ယာယီရပ်နားခဲ့သည့် မြိတ်သစ်ပါးလွှာအထပ်သားစက်ရုံ အလုပ်သမားများနစ်နာကြေးကိစ္စ ညှိနှိုင်းမှုပြေလည်
ဇူလိုင် (၃၀)ရက်က စက်ရုံယာယီပိတ်သည့်အတွက် နစ်နာကြေးထုတ်ယူနေကြသည့် အလုပ်သမားများကိုတွေ့ ရစဉ်။ (ဓာတ်ပုံ- ဇော်နီ)

မြိတ်၊ ဇူလိုင်- ၃၀ ။                 ။ ယာယီရပ်နားခဲ့သည့် မြိတ်သစ်ပါးလွှာ အထပ်သား စက်ရုံအလုပ်သမားများ နစ်နာကြေးကိစ္စ နှစ်အလိုက် နှုန်း ထားများအတိုင်း ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ပြေလည်မှုရရှိခဲ့သည်ဟု မြိတ်မြို့နယ် အလုပ်သ မားရေးရာ ညှိနှိုင်းဖြန်ဖြေရေးအဖွ့ဲ တာဝန်ရှိသူက ဇူလိုင်(၃၀)တွင် မဖ္ဈိမကို ပြောသည်။

“ ကျွန်မတို့အနေနဲ့ အလုပ်သမားတွေကို စက်ရုံယာယီရပ်နားခဲ့တဲ့အတွက် သတိပေးစာနောက်ကျကြေးတို့ ၊စက် ရုံပိတ် နစ်နာကြေးတွေကို ဝန်ကြီးဌာနရဲ့ ပြဌာန်းချက်အတိုင်းပဲ ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာပါ။ အ ခု ဆိုရင် ဒါ ပြေလည်မှုရသွားပါပြီ” ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့က ယင်း စက်ရုံ အလုပ်သမားများအား နစ်နာကြေးပေးအပ်စဉ်တွင် သူမက ပြောကြားခဲ့ ခြင်း ဖြစ်သည်။

စက်ရုံယာယီရပ်နားမည်ဖြစ်သည့်အတွက် နစ်နာကြေးကိစ္စကို အလုပ်သမား၊ အ လုပ်ရှင်နှင့် မြိတ်မြို့နယ် အ လုပ်သမားရေးရာညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တို့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ပါဝင်၍ ဇူလိုင်(၂၁) ရက်က ညှိနှိုင်း ဖြေ ရှင်းခဲ့ကြပြီး ဇူလိုင်(၃၀)တွင် နစ်နာကြေးအပြီးသတ်ပေးသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့ရာ  အလုပ် သမား အချို့က နစ်နာကြေးသုံးလစာ ရယူလိုကြောင်း   ပြောဆိုခဲ့ကြသေးသည်။

သို့သော်လည်း နစ်နာကြေး ပေးအပ်သည့် အချိန်တွင်မူ အလုပ်သမားရေးရာဝန်ကြီးဌာန၏ နှစ်အလိုက်သတ် မှတ် လျော်ကြေးနှုန်းထားများအတိုင်း ပေးအပ်မှုကို အလုပ်သမားများအနေဖြင့် ကျေနပ်ခဲ့ကြပြီး ၊ အသိပေးစာ နောက်ကျမှုအတွက် ၁၃ ရက်စာအဖြစ် ရသင့်ရထိုက်သည့် လျော်ကြေး ငွေများကိုပါ တစ်ပါးတည်း ခံစားခွင့် ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စက်ရုံသည် ဇူလိုင်(၂၆)ရက်တွင် စတင်၍ ယာယီရပ်နားခဲ့ပြီး သစ်ကုန်ကြမ်းရရှိမှုအပေါ်မူတည်၍ လုပ် ငန်းပြန်လည်လုပ်ကိုင်မှုကို စဉ်းစားသွားမည်ဖြစ်ကြောင်း စက်ရုံကို ဦးစီးလုပ်ကိုင်သူ Mr.ANSHULJAIN က ပြော ဆို ခဲ့ပြီး ဖြစ်သည်။

စက်ရုံရပ်နားမှု နောက်ဆက်တွဲအဖြစ် အလုပ်သမား(၁၀၀)ကျော်တို့ အလုပ်အကိုင်အသစ်ပြန်လည်ရရှိရေး အတွက် လိုအပ်ချက်ရှိလာခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းတို့အနေဖြင့် အလုပ်အကိုင် ရှာဖွေနေဆဲဖြစ်ကြောင်း နစ်နာကြေး လာရောက်ထုတ်ယူသည့် အလုပ်သမားတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်း တစ်တိုင်းလုံးတွင် သစ်ပါးလွှာစက်ရုံအနေဖြင့် တစ်ခုတည်းသာရှိသည့် စက်ရုံဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် သစ်ကုန်ကြမ်းမရရှိတော့သဖြင့် ယာယီရပ်နားခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly