ရခိုင်ပြည်နယ်အတွင်း ထင်းသုံးစွဲမှု တစ်နှစ်လျှင် တန်ချိန် ၁၄ သိန်း ထိ ရှိနေ

ရခိုင်ပြည်နယ်အတွင်း ထင်းသုံးစွဲမှု တစ်နှစ်လျှင် တန်ချိန် ၁၄ သိန်း ထိ ရှိနေ

စစ်တွေ၊ ဇူလိုင် ၂၈ ရက် ။                ။ ရခိုင်ပြည်နယ်အတွင်း ကျေးလက်နေ ပြည်သူများနှင့် မြို့ပြမှ ထင်းသုံးစွဲမှု ပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၁၄ သိန်းထိ ရှိနေသောကြောင့် သစ်တောပြုန်းတီးမှု ဖြစ်ပေါ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောသည်။

“တခြားလုပ်ငန်းသုံး ထင်းသုံးစွဲမှုတွေ မပါသေးပါဘူး။ ရခိုင်ပြည်နယ်ထဲက တခြားဒေသကို ရောင်းနေတဲ့ ထင်းစာရင်းတွေလည်း မပါရှိပါ။ ဒီလိုထင်းတွေကို သုံးစွဲနေခြင်းဟာလည်း သဘာဝပါတ်ဝန်းကျင်ကို ပျက်စီးမှုတွေထဲမှာ ပါဝင်ပါတယ်”

ရခိုင်ပြည်နယ်အတွင်း သစ်တောပြုန်းတီးမှုသည် ထင်းသုံးစွဲမှု အပါအဝင် တရားမဝင် သစ်ထုတ်လုပ်မှုများကြောင့် ဖြစ်ပြီး သစ်တောဝန်ထမ်းများအနေနှင့် ဥပဒေပြင်ဘက်မှ သစ်ထုတ်လုပ်မှုကို ကာကွယ်ထိန်းသိမ်းရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်းလည်း ပြည်နယ်သစ်တောဦးစီးဌာန၊ သစ်တောညွန်ကြားရေးမှူး ဦးမြင့်လွင်က ပြောသည်။

“သစ်ကို တရားမဝင် ထုတ်လုပ်သူတွေက တရားမဝင်ဖြစ်တဲ့အတွက် သူတို့တွေရဲ့ကိုယ်ကျိုးစီးပွား မထိခိုက်အောင် လာပြီး ဟန့်တားတဲ့သူမှန်သမျှကို သူတို့က ပြန်ပြီးတုန့်ပြန်မှာပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သတိထားပြီး ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ ပင်လယ်ထဲသွားတဲ့ သွားတဲ့ သစ်တွေဆိုရင် သစ်တောဝန်ထမ်းတွေက ပင်လယ်ထဲဆင်းပြီး ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ပင်လယ်ထဲကိုမရောင်ခင် ကြိုတင် ဟန့်တားနိုင်တဲ့နည်းကို သုံးရမှာဖြစ်ပါတယ်။ အဲဒီနည်းကို ရဖို့အတွက် ဒေသခံရဲ့ အားလည်းလိုအပ်ပါတယ် ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။”

ရခိုင်ပြည်နယ်တွင် စွမ်းအားလောင်စာသုံးစွဲမှုအဖြစ် လျှပ်စစ်မီးကို ၁ ဒဿမ ၄ ရာခိုင်နှုန်း၊ ဓာတ်ငွေ့ကို သုညဒဿမ တစ် ရာခိုင်နှုန်း၊ ဇီဝလောင်စာကို သုညဒဿမ တစ်ရာခိုင်နှုန်း၊ သစ်သားထင်း အသုံးပြုမှု ၈၈ ဒဿမ ၉ ရာခိုင်နှုန်း၊ မီးသွေးလောင်စာတောင့် အသုံးပြုမှု ၇ ဒဿမ ၇ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးအသုံးပြုမှု ၁ ဒဿမ ၃ ရာခိုင်နှုန်းထိ ရှိကြောင်း ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော သန်းခေါင်စာရင်းမှတ်တမ်းအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၃၁ သိန်းခန့် ရှိပြီး ကျေးလက်နှင့်မြို့ပြနေ လူဦးရေ အချိုးအစားမှာ ၁ရး၈၃ ဖြစ်ကာ ထင်းသုံးစွဲမှုအဖြစ် ကျေးလက်တွင် ၁,၂၄၅,၀၀၀ တန်ချိန်နှင့် မြို့ပြတွင် ၁၄၂,၈၀၀ တန်ချိန် စုစုပေါင်း ၁,၃၈၇,၈၀၀ တန်ချိန်ထိ ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly