အနံ့ဆိုးများကြောင့် မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံအချို့ကို လုပ်ငန်း ၆လ ရပ်နားရန် စာထုတ်မည်

အနံ့ဆိုးများကြောင့် မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံအချို့ကို လုပ်ငန်း ၆လ ရပ်နားရန် စာထုတ်မည်

မြိတ်၊ ဇူလိုင် ၂၈ ။  ။ ပြီးခဲ့သည့် နှစ်လခန့်က မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံများ အနံ့ဆိုးထွက်ခြင်းနှင့် ပတ်သက်ပြီး သတိပေးခံရပြီးနောက် ဇူလိုင် ၂၇ရက်က ထပ်မံစစ်ဆေးရာ စက်ရုံအချို့ အနံ့ဆိုးများ မပျောက်ကင်းသေးသဖြင့် လုပ်ငန်း ၆လခန့် ရပ်နားရန် စာထုတ်ပြန်သွားမည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။ 

၎င်းက စက်ရုံများကို လိုက်လံစစ်ဆေးမည်ဖြစ်ရာ စက်ရုံများလည်ပတ်ပေးထားရန် မှာကြားထားရာ စက်ရုံတစ်ခုသာ လည်ပတ်နေပြီး ကျန်စက်ရုံများမှာ ငါးကုန်ကြမ်းမရသဖြင့် လည်ပတ်နိုင်ခြင်းမရှိသော်လည်း အချို့မှာ အနံ့ဆိုးများ မပျောက်ကင်းသေးဘဲရှိနေခြင်းကြောင့် ယခုကဲ့သို့ စာထုတ်ပြန်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဇူလိုင် ၂၈ရက်က မြိတ်မြို့ရှိ ပုလဲရတနာခန်းမတွင် ဝန်ကြီးချုပ်က ပြောခြင်းဖြစ်သည်။ 

“ပြုပြင်ထားတဲ့အချက်တွေကိုတော့ အနည်းငယ်တွေ့ရပါတယ်။ ကျွန်မတို့ ထားဝယ်ကိုရောက်တဲ့အချိန်မှာ စာထုတ်ပါမယ်။ ဒီဟာတွေ ဘယ်သူပါတယ်။ မပါဘူးဆိုတာမပြောပါဘူး။ ကျွန်မတို့ စာထုတ်ပြီးတော့ ပိတ်ခိုင်းပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ပြည်သူကို ထိခိုက်နစ်နာနေပြီဆိုပါက မိမိတို့ဘက်မှ တစ်ခုခုလုပ်ပေးရန်သင့်သည်ဟု ယူဆမိကြောင်း၊ စက်ရုံလုပ်ငန်းအနေဖြင့် အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်ရရှိနေပြီဖြစ်သဖြင့် ပြည်သူတွေအတွက် ငဲ့ကွက်သင့်ကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

“ပြည်သူတွေအတွက် လုပ်လည်းလုပ်ပေးရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ပြင်ချင်ပြင် စီးပွားရေးလုပ်ငန်းပြောင်းပေးဖို့ လိုအပ်ပါတယ်။ ကျွန်မကတော့ ဒါကို ပြတ်ပြတ်သားသားပဲ ဆုံးဖြတ်ချင်တာ။ အပြီးအပိုင်လိုင်စင်ပိတ်သိမ်းစေချင်တာပါ” ဟု ဝန်ကြီးချုပ်က ထပ်ဆင့်ပြောကြားခဲ့သည်။

ဇူလိုင် ၂၇ရက်က ငါးအမှုန့်ကြိတ်စက်ရုံများအနက် အချို့မှာ ငါးကုန်ကြမ်းမရရှိသဖြင့် စက်ရုံလည်ပတ်မှုမရှိကြောင်း ငါးအမှုန့်ကြိတ်စက်ရုံ တာဝန်ခံများက ပြောကြားခြင်းရှိခဲ့ခြင်းကြောင်း ဝန်ကြီးချုပ်အနေဖြင့် နောက်ထပ်တစ်ဖန် လာရောက်ကြည့်ရှုမည်ဟု ပြောကြားခဲ့သော်လည်း ဇူလိုင် (၂၈)၌ ထိုသို့ ထပ်မံပြောကြားသွားခြင်းဖြစ်သည်။

ငါးအမှုန့်ကြိတ်စက်ရုံများအနေဖြင့် အနံ့ဆိုးကိစ္စကို အမြန်ဆုံးဖြေရှင်းရန် ပြင်ဆင်သင့်ပြီး မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း လုပ်နိုင်သည့်အခွင့်အလမ်းထဲမှ လုပ်ပိုင်ခွင့်ရှိသလောက် ကူညီပေးသွားမည်ဟု ငါးအမှုန့်ကြိတ်စက်ရုံ၏ တာဝန်ရှိသူကို ဝန်ကြီးက မှာကြားမှုပြုလုပ်ခဲ့သည်။

ယင်းသို့ အနံ့ဆိုးကိစဖြေရှင်းခြင်းသည် ပြည်သူလူထုအတွက် အဓိက ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး အနံ့ဆိုးထွက်သည့်အခြေအနေဖြစ်ပါက လုံးဝ လက်ခံမည်မဟုတ်ကြောင်း ဝန်ကြီးကဆိုသည်။

လက်ရှိအချိန်တွင် ငါးအမှုန့်ကြိတ်စက်ရုံများအနေဖြင့် ငါးအပုတ်များကို မဝယ်ရန် နှင့် ထိုသို့ မဝယ်မှသာ ရောင်းသူမရှိမှာဖြစ်ကြောင်း လတ်ဆတ်သောငါးများဖြင့်သာ လုပ်ငန်းဆောင်ရွက်ကြရန် ဝန်ကြီးက သတိပေးခဲ့သည်။ 

မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံများမှာ အင်းလေးမြိုင်စက်မှုဇုန်၌ မင်းဇာနည်၊ ထူးထူးတိုး၊ အဆောင်ကောင်း၊ ဗဲင်(န်)တေ့(ချ်)နှင့် ပထော်ပထက်ကျွန်း ငါးအမှုန့်ကြိတ်စက်ရုံ စသဖြင့် စက်ရုံ ငါးခုရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly