မောင်တော ရဲကင်းစခန်းက ဖမ်းမိခဲ့တဲ့ သိန်းချီ စိတ်ကြွးဆေးပြားများမှာ ပိုင်ရှင်မဲ့ဟု ဆိုပြန်

မောင်တော ရဲကင်းစခန်းက ဖမ်းမိခဲ့တဲ့ သိန်းချီ စိတ်ကြွးဆေးပြားများမှာ ပိုင်ရှင်မဲ့ဟု ဆိုပြန်

စစ်တွေ၊ ဇူလိုင် ၂၈ ရက် ။                  ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှု လက်အောက်ရှိ ကျောက်ပန္တု (နတလ) ရဲကင်းစခန်းမှ ဖမ်းမိခဲ့သည့် ကာလတန်ဖိုး ကျပ်သိန်း ခြောက်ထောင်ဖိုးရှိသော စိတ်ကြွဆေးပြားများမှာ ပိုင်ရှင်မဲ့များသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

“ရခိုင်ပြည်နယ်မှာ ကျနော်တို့ မူးယစ်ဆေးဝါးမိတယ်ဆိုတာ မှန်တယ်။ အမှန်တကယ်ဖြစ်စဉ်က သူတို့တွေက အထုပ်တထုပ်ကို သွားတွေ့တယ်။ သူတို့က တယ်လီဖုန်းလိုင်းသွားသွင်းရင်းနဲ့ လမ်းမှာ အထုပ်တထုပ်ကို သွားတွေ့တယ်။ သွားတွေ့ပြီးတော့ ယူလာတယ်။ ယူလာတော့ မူးယစ်ဆေးဝါးမှန်းသိတယ်။ အဲဒါကို ကင်းအဖွဲ့ရဲတွေက တွေ့သွားတာပေါ့နော်။ ရဲတပ်ဖွဲ့ကလူတွေက တွေ့သွားတာပါ။ အဲဒါကို သူတို့က ယူထားလိုက်တယ်။ ယူထားလိုက်တော့ သတင်းကပေါက်ပြီးတော့ ပြန်စစ်တဲ့အခါမှာ သူတို့ဆီကနေ ရပါတယ်။” ဟု မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့က ဒုတိယ ရဲမှူးကြီး စိုးလင်းအေးက ဇူလိုင် ၂၈ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည့် ဗွီအိုအေ မြန်မာပိုင်းအစီစဉ်မှ တဆင့် ပြောကြားခဲ့သည်။

ယင်းအပြင် မူးယစ်ဆေးဝါးများနှင့် အတူ တွေ့ရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၇) ဦးကိုလည်း ဖမ်းဆီးထားခြင်း မဟုတ်ဘဲ စစ်ဆေးမေးမြန်းရန်အတွက် ထိန်းသိမ်းထားခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသည့် စုစုပေါင်း မူးယစ်ဆေးပြား အရေအတွက်မှာ (၂၉၂၅၀၀) ပြားရှိပြီး ကာလပေါက်ဈေး ဆေး (၁) ပြားလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၅၈၅၀ ခန့်ရှိကြောင်း သတင်းအရ သွားရောက် ဖမ်းဆီးခဲ့သူ အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ခွဲမှူး ယာယီ ဒုရဲမှူးကြီး တင့်ဇာ်ဦး၏ အစီရင်ခံ ပေးပို့သော ကြေးနန်းအရ သိရသည်။

ယခု ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် မူးယစ်ဌာန၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့များသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုအမှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ဘဲ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကသာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းနှင့် ဖြေဆိုရန် ငြင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly