အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ် ပေါ်ပေါက်ထားခဲ့သည့် တူရကီတွင် သတင်းစာတိုက်နှင့် ရုပ်သံလွှင့်ဌာန ဒါဇင်ပေါင်းများစွာ ပိတ်သိမ်းခံရ

အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ် ပေါ်ပေါက်ထားခဲ့သည့် တူရကီတွင် သတင်းစာတိုက်နှင့် ရုပ်သံလွှင့်ဌာန ဒါဇင်ပေါင်းများစွာ ပိတ်သိမ်းခံရ

ဇူလိုင် ၂၈ ။                 ။ နိုင်ငံတွင် အထမမြောက်ခဲ့သည့် အာဏာသိမ်းရန်ကြိုးပမ်းမှုအလွန် နောက်ဆက်တွဲ နှိမ်နင်းဖြိုခွင်းမှုအဖြစ် ဒါဇင်ပေါင်းများစွာသော မီဒီယာသတင်းဌာနများကို ပိတ်သိမ်းရန် ညွှန်ကြားထားခဲ့ကြောင်း တူရကီအစိုးရက ထုတ်ဖော်ပြောကြားလိုက်သည်။

 ယင်းအပြင် ထိပ်တန်း စစ်ဗိုလ်ချုပ် ၁၄၉ ဦးကိုလည်း ရာထူးမှ ထုတ်ပယ်ထားပြီး ဖြစ်ကြောင်း ဇူလိုင်လ ၂၇ ရက်က တူရကီအစိုးရက ပြောကြားသွားသည်။

အာဏာသိမ်းမှုနှင့် ဆက်စပ်ဖြိုခွင်းမှုများအဖြစ် သတင်းအေဂျင်စီသုံးခု၊ ရုပ်သံလွှင့်ဌာန ၁၆ ခု၊ ရေဒီယိုစတေရှင် ၂၃ ခု၊ သတင်းစာတိုက် ၄၅ တိုက်၊ မဂ္ဂဇင်းတိုက် ၁၅ တိုက်နှင့် ပုံနှိပ်လုပ်ငန်း ၂၉ ခုတို့ကို ပိတ်သိမ်းရန် အစိုးရက ညွှန်ကြားခဲ့သည်။

ဇူလိုင်လ ၁၅ ရက် အာဏာသိမ်းရန်ကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်ခဲ့သူများအားလုံးကိုလည်း သမ္မတ ရီဆက်ပ် တေယစ်ပ် အာဒိုဂန်က ပြင်းထန်စွာ ပြစ်တင်ပြောကြားသွားခဲ့သည်။ ယခု အာဏာသိမ်းကြိုးပမ်းမှုမှာ ၎င်း၏ ၁၃ နှစ်ကြာ နိုင်ငံကို ချုပ်ကိုင်ထားမှုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာခဲ့သော်လည်း ၎င်းမှာ  ယင်းအခြေအနေမှ လွတ်မြောက်နိုင်ခဲ့သည်။

ယခု အာဏာသိမ်းမှုဖြစ်စဉ်တွင် အမေရိကန်အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖက်တူလာ ဂူလန် အား အစိုးရက အဓိကပြစ်တင်ထားပြီး နိုင်ငံတွင် ၎င်း၏ လွှမ်းမိုးထားခဲ့သည့် အယူအဆများအားလုံးကို ရှင်းလင်းရန်နှင့် ၎င်းနှင့်ပတ်သက်သူအားလုံးကို ဖော်ထုတ်ရှင်းလင်းနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ ယခုထက်ထိ အာဏာသိမ်းမှုနောက်ဆက်တွဲ ထိန်းသိမ်းဖမ်းဆီးခံထားရသူဦးရေမှာ ၁၆,၀၀၀ ထိ ရှိသွားပြီ ဖြစ်သည်။

အလားတူ စစ်တပ်မှ ထိပ်တန်းအရာရှိကြီးများကိုလည်း စစ်ဆေးဖြိုခွင်းရာတွင်လည်း ကြည်းတပ်မှ ဗိုလ်ချုပ်ကြီး ၈၇ ဦး၊ လေတပ်ဗိုလ်ချုပ်ကြီး ၃၀ နှင့် ရေတပ်မှ ဗိုလ်ချုပ်ကြီး ၃၂ ဦး တို့ကိုလည်း အာဏာသိမ်းအကြံအစည်တွင် ပါဝင်ပတ်သက်မှုဖြင့် အစိုးရက ထုတ်ပယ်လိုက်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags