တက်တူးအိန်ဂျယ်

တက်တူးအိန်ဂျယ်

အသက် ၂၃နှစ်အရွယ် နွယ်ပင်ဟာ တက်တူးပညာရှင်တွေတွေ့ဆုံပွဲကို ရောက်ရှိခဲ့ရာကနေ သူ့ဘဝမှာ တက်တူးပုံရိပ်တွေရဲ့ လွှမ်းမိုးခြင်းကိုခံခဲ့ရပါတယ်။ ဒီပွဲမှာ တက်တူးဆေးဘူးလေးတစ်ဘူး မဲပေါက်ခဲ့ရာကနေ အစပြုပြီး တက်တူးဆရာမတစ်ဦးဘဝကို အမှတ်မထင်ရောက်ခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူက ဒီအလုပ်လုပ်ရတာကို ပျော်ရွှင်နေပြီး ကျေနပ်နေပါတယ်။

 

တက်တူးထိုးထားတဲ့လူတွေကို တွေ့ဘူးနေတာတော့ကြာပါပြီ။ ဒါပေမယ့် မျက်လုံးထဲစွဲသွားတာက အကိုတစ်ယောက်နဲ့အတူ တက်တူးပညာရှင်တွေတွေ့ဆုံပွဲကိုသွားခဲ့ပြီး မျက်စိရှေ့မှာလည်း တက်တူးတွေချည်း မြင်နေရတော့ ညအိပ်တဲ့အထိကို မထွက်တော့ဘူး။ အဲ့ပွဲမှာ တက်တူးဆေးဘူးလေးတစ်ဘူးလည်း မဲပေါက်ခဲ့တယ်။ ဒါက ငါ့ဘဝထဲကို ကံစပ်လို့ရောက်လာတာ။ ဒီတော့ဒီဘူးလေးကို ငါအသုံးချနိုင်အောင် ကြိုးစားမယ်ဆိုပြီး စဖြစ်ခဲ့တာပါ။

 

ရှေးခေတ်မြန်မာဘုရင်တွေလက်ထက်ကတည်းက ပေါ်ပေါက်နေတဲ့ ဆေးမင်ကြောင်ထိုးတဲ့ ဓလေ့ဟာ ဒီနေ့ခေတ်မြန်မာနိုင်ငံမှာ ပြန်လည်ခေတ်စားလာချိန်မှာတော့ ဝေဖန်မှုတွေ၊ ပြစ်ဆင်ပြောဆိုမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ မြန်မာလူငယ်အနုပညာသမားတွေ တက်တူးထိုးလာရာကစပြီး ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာစတင်ခဲ့တဲ့ တက်တူးယဉ်ကျေးမှုဟာ ၂၀၁၅ မှာတော့ မြန်မာလူငယ်တွေအတွက် အရေးပါတဲ့ ဖက်ရှင်တစ်ခုဖြစ်လို့နေပါပြီ။ ဒီနေ့ခေတ် တက်တူးယဉ်ကျေးမှု ထွန်းကားလာတဲ့နေရာမှာ အမျိုးသားတွေသာမကပဲ မြန်မာအမျိုးသမီးတွေ အကြားမှာပါ တက်တူးဖက်ရှင်ဟာ ခေတ်စားလာပါတယ်။ မြန်မာ့ ယဉ်ကျေးမှုအရ တက်တူးထိုးတာဟာ အမျိုးသမီးတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး မြန်မာအမျိုးသမီးတစ်ဦးတက်တူးထိုးမယ်ဆိုရင် ပတ်ဝန်းကျင်ဖိအားနဲ့ ဝေဖန်ပြစ်တင်မှုတွေ အထင်သေးလှောင်ပြောင်ကဲ့ရဲ့မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။

 

ဒီအလုပ်ကို စလုပ်မယ်ဆိုတော့ မိဘတွေက လွယ်လွယ်ခွင့်ပြုခဲ့တာတော့မဟုတ်ပါဘူး။ အခုထိအမေတစ်ယောက်ပဲ ခွင့်ပြုပါသေးတယ်။ အဖေ့ကိုတော့ဖွင့်ပြောဖို့ ပြင်ဆင်ကြိုးစားနေတုန်းပါ။ အောင်မြင်တဲ့အနေအထားတစ်ခုရောက်မှ သေချာနားလည်အောင် ရှင်းပြဖို့ပါ။ သူလည်း ဒါက မိန်းကလေးနဲ့ မဆိုင်တဲ့အလုပ်လို့ ထင်ကောင်းထင်နေမှာပါ။ တကယ်တော့ တက်တူးဆရာမဆိုတာ ပန်းချီဆရာပါပဲ။ အရေပြားနဲ့စာရွက်ပဲကွာတာပါ။

တက်တူးဆရာမဘဝကို စပြီးလုပ်တဲ့အချိန်မှာ ပတ်ဝန်းကျင်ရဲ့နားမလည်မှုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် နွယ်ပင်ကတော့ အားလုံးကိုနားလည်အောင်ရှင်းပြပြီး ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူက တက်တူးဆွဲတာဟာ အနုပညာအလုပ်လို့ ခံယူထားတာပါ။ လူအများစုနဲ့မတူကွဲပြားတဲ့ နေထိုင်မှုပုံစံကိုလည်း နွယ်ပင်က နှစ်သက်တဲ့ အတွက် ဒီအလုပ်ကို ရွေးချယ်ဖြစ်ခဲ့တာပါ။

 

တက်တူးထိုးတဲ့အလုပ်က အနုပညာတစ်မျိုးပါ။ အရေပြားပေါ်မှာဆေးရောင်စုံပန်းချီရေးဆွဲတာမျိုးပါ။ သူများနဲ့ မတူကွဲပြားတဲ့နေထိုင်မှုပုံစံကိုလည်းသဘောကျတယ်။ ပတ်ဝန်းကျင်ကတော့ ဘာလုပ်နေလဲလို့မေးရင် တက်တူးထိုးနေတယ်လို့ပြောရင် တော်တော်နဲ့နားမလည်ဘူး။ တစ်ချို့ကလည်း မိန်းကလေးဖြစ်ပြီး လက်ရဲလိုက်တာပေါ့။

တက်တူးထိုးသူတွေဟာ လူ့အဖွဲ့အစည်းရဲ့သမားရိုးကျ အစဉ်အလာခံယူချက်တွေက တစ်နည်းနည်းနဲ့ဖောက်ထွက်ချင်သူတွေလို့ ယူဆနိုင်ပါတယ်။ တက်တူးချစ်သူတွေဟာ လူ့အဖွဲ့အစည်းရဲ့တွေးခေါ်ပုံ၊ မိသားစုအစဉ်အလာတွေးခေါ်ပုံတွေက လွတ်ပြီး တမူထူးခြားတာ လုပ်ပြလိုစိတ်ရှိသူတွေပါ။ နွယ်ပင် တက်တူးဆရာမဘဝကို ရွေးချယ်ခဲ့တာကို သူ့အမေက သိပ်ဂုဏ်မယူပေမယ့် ပျော်ရွှင်နေတာကို မြင်တွေ့ရတဲ့အတွက်တော့ ကျေနပ်နေပါတယ်။

 

သူဒီအလုပ်ကိုစလုပ်တော့ သိပ်လက်မခံချင်ဘူး။ ဒါပေမယ့် သမီးပျော်နေတာမြင်တော့လည်း ကျေနပ်ပါတယ်။ စလုပ်ကတည်းက လိုအပ်တာတွေအားလုံးကို ပံ့ပိုးပေးပါတယ်။ သူအောင်မြင်အောင်လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

တက်တူးဆရာမတစ်ဦးအနေနဲ့ ၂၀၁၄ လောက်မှာ စတင်ရပ်တည်ခဲ့စဉ်က နွယ်ပင် ကြုံတွေ့နေရတဲ့ အဓိက အခက်အခဲကတော့ ဖောက်သည်တွေရဲ့ယုံကြည်မှုပါ။ ငယ်ရွယ်တဲ့တက်တူးဆရာမတစ်ဦးဆီမှာ ကိုယ့်ခန္ဓာကိုယ်ကို ပုံအပ်ဖို့ တစ်ချို့ကမဝံ့မရဲဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူ့ရဲ့စေတနာနဲ့ ကျွမ်းကျင်မှုတွေကြောင့် နောက်ပိုင်းမှာ သူတို့ဆီက ယုံကြည်မှုပြန်ရခဲ့ပါတယ်။ သူက ဒီပညာကို အကိုတွေဆီက သင်ယူခဲ့ပြီး အင်တာနက်က တက်တူးပုံတွေကိုလည်း အမြဲလေ့လာပါတယ်။

 

ပညာနဲ့ပတ်သက်ပြီးတော့ အမြဲလေ့လာနေတာပါ။ ကိုယ့်ဖောက်သည်တွေအတွက် အကောင်းဆုံးဖြစ်အောင် အမြဲတီထွင်ကြံဆပါတယ်။ အင်တာနက်ကနေ အများဆုံးလေ့လာပြီး တက်တူးစာအုပ်တွေလဲဖတ်ဖြစ်ပါတယ်။

အရင်က မြန်မာနိုင်ငံမှာ တက်တူးကို ဆိုင်နဲ့ဖွင့်တဲ့နေရာ အလွန်ရှားပေမယ့် ဒီနေ့ မြန်မာနိုင်ငံရဲ့မြို့ကြီးတွေမှာ တက်တူးပညာရှင်တွေ၊ တက်တူးစတူဒီယိုတွေကို လူစည်ကားရာမြို့နယ်တွေမှာ တွေ့မြင်လာနိုင်နေပါပြီ။ ယုတ်စွအဆုံး မြန်မာ့ရိုးရာဘုရားပွဲတော်တွေမှာတောင် လမ်းဘေးတက်တူးဆိုင်တွေဟာ မရှိမဖြစ်နေရာယူလာကြပါပြီ။ တက်တူးဟာ နေရာတိုင်းမှာ ဘောင်မဝင်ဘူးဆိုပေမယ့် ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ့်စိတ်ကြိုက် ရုပ်ပုံရေးဆွဲခွင့်လည်း ရှိနေတဲ့အတွက် မြန်မာနိုင်ငံမှာ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်နေဦးမှာပါ။

နွယ်ပင့်ကို သူ့သူငယ်ချင်းတွေက သစ်နွယ်ပင်(Vine) လို့ အမည်ပြောင်ပေးထားပြီး တက်တူးလောကမှာတော့ တဖြည်းဖြည်းချင်းသူ့ကို လူသိများလာနေပါပြီ။ နွယ်ပင်ရဲ့အိပ်မက်ကတော့ တစ်နေ့မှာ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး တက်တူးဆရာမတစ်ဦးဖြစ်ဖို့ဖြစ်ပြီး တက်တူးပညာတွေကို နတ်သမီးတစ်ပါးလိုစွမ်းအားတွေနဲ့ လူတွေကို အမိုက်စားတက်တူးပုံတွေရေးဆွဲပေးနိုင်ဖို့ပါ။ တစ်နေ့မှာ သူ့အိပ်မက်တွေဆီကို တက်တူးအိန်ဂျယ်တစ်ပါးလို ပျံသန်းသွားနိုင်ဖို့အတွက်တော့ နွယ်ပင်က ယုံကြည်မျှော်လင့်နေပြီး ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly