တိုင်းရင်းသား လူငယ်များ ညီလာခံ ပထမနေ့၌ ၂၁ရာစု ပင်လုံ နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရာတွင် ပါ၀င်နိုင်ရေး အလွတ်သဘောဆွေးနွေး

တိုင်းရင်းသား လူငယ်များ ညီလာခံ ပထမနေ့၌ ၂၁ရာစု ပင်လုံ နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရာတွင် ပါ၀င်နိုင်ရေး အလွတ်သဘောဆွေးနွေး
(ဓာတ်ပုံ-ကျော်မင်းထိုက်)

ရန်ကုန်၊ ဇူလိုင် ၂၈ ။                 ။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ ပထမနေ့၌ ၂၁ရာစု ပင်လုံ နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရာတွင် ပါဝင်နိုင်ရေးတို့အတွက် အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း ညီလာခံ ဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ မိုင်းမျိုးအောင်က ပြောသည်။

"၂၁ရာစု ပင်လုံ ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ အရပ်ဖက်အဖွဲ့အစည်းက ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်နိုင်မယ်။ အဲ့ဒီအပေါ်မှာ ဆွေးနွေးတယ်။ ပြီးရင်လည်း ကျွန်တော်တို့ အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်တဲ့နေရာမှာ ပြည်ထောင်စု အသစ်တည် ဆောက်တဲ့နေရာမှာ ကျွန်တော်တို့ ဘယ်လို ပုံစံမျိုးနဲ့ သွားသင့်သလဲ ဒီလောက်ပဲ။ ဒါကိုလည်း တကယ့်ဆွေးနွေးဆုံးဖြတ်တဲ့ အဆင့်မဟုတ်သေးဘဲနဲ့ အလွတ်သဘောလောက်ပဲ"ဟု မိုင်းမျိုးအောင်က ပြောသည်။

အဆိုပါ ညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဇူလိုင်လ ၂၇ရက်နေ့မှ ၃၁ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး အစောပိုင်းတွင် ပြည်နယ်အစိုးရက ညီလာခံကို ဆိုင့်ငံထားရန် ညွှန်ကြားခဲ့ရာ ဝေဖန်သံများထွက်ပေါ်လာပြီးနောက် ဇူလိုင်လ ၂၆ရက်နေ့ ညနေပိုင်းတွင်မှ ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ညီလာခံကို တိုင်းရင်းသား ဒေသများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တိုင်းရင်းသား လူငယ်များ ပါဝင်လာရေး၊ အမျိုးသား နိုင်ငံရေးတွင် တိုင်းရင်းသား လူငယ်များ၏ အသံ ပါဝင်မှု ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံရေးတွင် တိုင်းရင်းသား လူငယ်များ၏ အသံများရရှိရန် ရည်ရွယ်၍  ကျင်းပရခြင်း ဖြစ်သည်ဟု သိရသည်။

 

မြန်မာတစ်နိုင်ငံလုံးရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း လူမျိုးများအပြင် တိုင်းရင်းသားလူမျိုးစု ၃၀ ခန့် မှ လူမျိုးတစ်မျိုးလျှင် အယောက် ၃၀ ဦး ဖိတ်ခေါ်ထားသဖြင့် အနည်းဆုံး လူငယ်ပေါင်း ၇၀၀ ခန့် တက်ရောက်ရန် ခန့်မှန်းထားသော်လည်း ညီလာခံ ပထမနေ့တွင် လူငယ် ကိုယ်စားလှယ် ၅၀၀ကျော် သာ တက်ရောက်ခဲ့ကြောင်း သိရသည်။

ညီလာခံတွင် ဖယ်ဒရယ် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ နိုင်ငံရေးသုနေသီ ဒေါ်ခင်မမမျိုး၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာဆလိုင်းလျှန်မှုန်းဆာခေါင်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်  (PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့က ဆွေးနွေးသွားမည်ဖြစ်ပြီး ညီလာခံ ပထမနေ့တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များလက် တက်ရောက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly