တိုကျိုပြတိုက်တွင် စစ်အတွင်း ဂျပန်စစ်သားများ၏ မြန်မာအမျိုးသမီးများအပေါ် လိင်အကြမ်းမှုများအကြောင်း စတင်ပြ

တိုကျိုပြတိုက်တွင် စစ်အတွင်း ဂျပန်စစ်သားများ၏ မြန်မာအမျိုးသမီးများအပေါ် လိင်အကြမ်းမှုများအကြောင်း စတင်ပြ

စစ်ပွဲကာလအတွင်း အမျိုးသမီးများ၏ အတိဒုက္ခများအကြောင်း မှတ်တမ်းမှတ်ရာထားနိုင်ရေး လုပ်ဆောင်မှုတစ်ရပ်အဖြစ် တိုကျိုရှိပြတိုက်တစ်ခုတွင် စစ်အတွင်း မြန်မာနိုင်ငံ၌ ဂျပန်စစ်သားများ   မြန်မာအမျိုးသမီးများအပေါ် ကျုးလွန်ခဲ့သည့် လိင်အကြမ်းဖက်မှုများကို စတင်ပြသပြီဖြစ်သည်။

စစ်နှင့် ငြိမ်းချမ်းရေး အမျိုးသမီးများ၏ စွမ်ဆောင်မှု ပြတိုက် WAM ပြတိုက်တွင် ဂျပန်စစ်တပ်၏ ဇိမ်ခန်းများမှ လိင်ဇိမ်မယ်ဟောင်းများ၏ မှတ်တမ်းမှတ်ရာများကို ပြသထားခြင်းဖြစ်သည်။

ပြခန်းတွင် မြန်မာနိုင်ငံက စစ်အတွင်း ဇိမ်မယ်အဖြစ် ကျရောက်ခဲ့သူများနှင့် ပြည့်တန်ဆာဇိမ်ခန်းများ၏ ပုံများကို ပြသထားသည်။

၂၀၀၅ ခုနှစ်က စတင်ဖွင့်လှစ်သည့် WAM ပြတိုက်သည် ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော စစ်အတွင်း အမျိုးသမီးများအပေါ် လိင်ကျုးလွန်မှုများကို အဓိကထားပြသသည့် ပြတိုက်ဖြစ်သည်။ စစ်ပွဲကာလအတွင်း ဂျပန်စစ်သားများ၏ လိင်အကြမ်းဖက်မှု ကြုံတွေ့ခဲ့ကြရသည့် ကိုရီးယား၊ အရှေ့တီမော၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အမျိုးသမီးများ၏ အကြောင်းအရာများကိုလည်း   ပြသထားပြီးဖြစ်သည်။

“အခုတော့ ကျွန်တော်တို့က မြန်မာနိုင်ငံက အမျိုးသမီးတွေကို အဓိကထားပြသဖို့ ဆုံးဖြတ်ထားပါတယ်။ စစ်အတွင်း လိင်ကျွန်ဖြစ်ခဲ့ရုံသာမဟုတ် ဂျပန်နဲ့ မဟာမိတ်တို့ တိုက်ပွဲများမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့   မြန်မာအမျိုးသမီးများအကြောင်း ပြသတာဖြစ်ပါတယ်။”ဟု ပြတိုက် အထွေထွေအတွင်းရေးမှူးချုပ် မီနာဝါတာနာဘီက ပြောသည်။

ပြတိုက်တွင် ပြသထားသည့် မှတ်တမ်းများအရ ဂျပန်တို့က မြန်မာနိုင်ငံတွင် ၁၉၄၂ ခုနှစ် ရန်ကုန်ကို သိမ်းပိုက်ပြီးနောက်ပိုင်း မကြာမီ ၎င်းတို့ကျုးကျော်သိမ်းပိုက်နိုင်ခဲ့ရာ နယ်မြေဒေသများတစ်လျှောက်   ပြည့်တန်ဆာဇိမ်ခန်းများကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြည့်တန်ဆာဇိမ်ခန်းများကို နယ်မြေဒေသ ၆၀ ကျော်ထက်မနည်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ အရေအတွက် မည်မျှအထိ ဖွင့်လှစ်ခဲ့သည်နှင့် လိင်ကျွန်အဖြစ် မြန်မာအမျိုးသမီးနှင့် မိန်းကလေး မည်မျှအထိ သွတ်သွင်းခိုင်းစေခံရကြောင်းကို အတိအကျ မသိရှိရပေ။ တစ်ချို့သော ပြည့်တန်ဆာအိမ်ဇိမ်ခန်းများမှာ ဂျပန်တပ်စုများ ရွှေ့ပြောင်းသွားလာရာ အရပ်များသို့ အတူလိုက်ပါကြရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags