မောင်တော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲကင်းစခန်းမှ ကာလတန်ဖိုး ကျပ်သိန်း ခြောက်ထောင်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

မောင်တော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲကင်းစခန်းမှ ကာလတန်ဖိုး ကျပ်သိန်း ခြောက်ထောင်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
မောင်တော အမှတ် ၁ နယ်ခြားစောင့် ကွပ်ကဲမှူးရုံး (ဓာတ်ပုံ Rakhine Gazette)

စစ်တွေ၊ ဇူလိုင် ၂၇ ရက် ။              ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှု လက်အောက်ရှိ ကျောက်ပန္တု (နတလ) ရဲကင်းစခန်းမှ ကာလတန်ဖိုး ကျပ်သိန်း ခြောက်ထောင်ခန့်ရှိသော WY မူးယစ်စိတ်ကြွဆေးပြားများကို ဖမ်းမိခဲ့ကြောင်း သိရသည်။

၎င်း မူးယစ်ဆေးများကို ကျောက်ပန္တု (နတလ) ရဲကင်းစခန်း၏ စားဖိုဆောင် အတွင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းအရ သွားရောက် ဖမ်းဆီးခဲ့သူ အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ခွဲမှူး ယာယီ ဒုရဲမှူးကြီး တင့်ဇာ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖမ်းဆီးရမိသည့် စုစုပေါင်း မူးယစ်ဆေးပြား အရေအတွက်မှာ (၂၉၂၅၀၀) ပြားရှိပြီး ကာလပေါက်ဈေး ဆေး (၁) ပြားလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၅၈၅၀ ခန့်ကို လက်ဝယ်ထားရှိသူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (၇) ဦးနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ကျောက်ပန္တု (နတလ) ရဲကင်းစခန်းမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည့် ရဲတပ်ဖွဲ့ (၇) ဦးကို မောင်တောမြို့နယ်၊ အလယ်သံကျော် ရဲစခန်းအတွင်း ဖမ်းဆီးထားပြီး အင်းဒင် နယ်မြေ ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်နိုင်ရေးနှင့် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ကြေးနန်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly