ကမန်တိုင်းရင်းသားများကို ဘင်္ဂလီဟု သတ်မှတ်ပြီး NVC ကဒ် ကောက်ယူမှု စီစစ်ပေးရန် တောင်းဆို

ကမန်တိုင်းရင်းသားများကို ဘင်္ဂလီဟု သတ်မှတ်ပြီး NVC ကဒ် ကောက်ယူမှု စီစစ်ပေးရန် တောင်းဆို

စစ်တွေ၊ ဇူလိုင် ၂၇ ရက် ။              ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က ကမန်တိုင်းရင်းသား ကျေးရွာများတွင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဘင်္ဂလီ ကျေးရွာဟု သတ်မှတ်ကာ NVC ကဒ်များ ထုတ်ပေးနေမှုအပေါ် ရပ်တန့်ဖို့ ကမန်တိုင်းရင်းသား လူမှုကွန်ရက်က တောင်းဆိုလိုက်သည်။

"ကျွန်တော်တို့ ကမန်တိုင်းရင်းသားတွေဟာ ရခိုင်ဘုရင်လက်ထက်ကတည်းက ဒီမှာ ရွာတည်ပြီး နေလာကြတာပါ။ ဒါကို လဝက က ဘင်္ဂလီတွေနဲ့ သွေးနှောမှု ရှိတယ်ဆိုပြီး ဘင်္ဂလီတွေကို စီစစ်မယ့် NVC ကဒ်တွေကို ကမန်တိုင်းရင်းသားတွေကို ထုတ်ပေးခဲ့ပါတယ်။ ဒီကိစ္စတွေကို ရပ်တန့်ဖို့နဲ့ စီစစ်နိုင်ဖို့ ကျွန်တော်တို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စာပေးပို့ထားပြီး ဖြစ်ပါတယ်။ NLD က အဘဦးတင်ဦးကိုလည်း လူချင်းတွေ့ပြီး ကိုယ်တိုင် ပေးခဲ့တာပါ။" ဟု ကမန်တိုင်းရင်းသား လူမှုကွန်ရက် ဥက္ကဌ ဦးထွန်းငွေက ပြောသည်။

NVC ကဒ် ထုတ်ပေးခံခဲ့ရသည့် ကျေးရွာများမှာ သံတွဲမြို့နယ်ရှိ လင်းသီကျေးရွာနှင့် ပေါက်တော ကျေးရွာများ ဖြစ်ကာ လူဦးရေ ၃၀ ခန့်ကို NVC ကဒ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

"အဘ ဦးတင်ဦးနဲ့ လူချင်းတွေ့တဲ့အခါ သူ ရခိုင်မှာ တာဝန်ထမ်းဆောင်စဉ်က အဲဒီကျေးရွာတွေမှာ နေထိုင်သူတွေဟာ တကယ်ပဲ ကမန်တွေ ဖြစ်တယ် ဆိုတာ သိတယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အမှန်တရားတိုင်း ဖြစ်စေဖို့ သူ့အနေနဲ့ တိုက်တွန်းသွားမှာ ဖြစ်ကြောင်းလည်း ကျနော် စာသွားပေးခဲ့တုန်းက ပြောခဲ့ပါတယ်" ဟု ဦးထွန်းငွေက ပြောကြားခဲ့သည်။

သံတွဲမြို့နယ်တွင် ကမန် ကျေးရွာ ၁၉ ရွာရှိပြီး လူဦးရေ ၈၅၀၀ ခန့်ရှိကာ ရခိုင်တစ်ပြည်နယ်လုံးတွင် ကမန်တိုင်းရင်းသား ငါးသောင်းခန့် နေထိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly