ပြည်ချစ်ခေါင်းဆောင် ဖြစ်ကြစေ

ပြည်ချစ်ခေါင်းဆောင် ဖြစ်ကြစေ

စစ်အစိုးရခေတ် ဝန်ကြီးဟောင်းနှင့် လက်ရှိအာဏာရပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦး၏ ကျန်းမာရေးသတင်းကို သတင်း မီဒီယာများ၏ ဖော်ပြချက်နှင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် ဖော်ပြချက်များ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်ရသည်။

ပြည်သူအများစုကလည်း စိတ်ဝင်တစား စောင့်ကြည့် နေကြသည်။ သို့သော် ရည်ရွယ်ချက်ကောင်းများနှင့်တော့ မဟုတ်။ သက် ဆိုင်ရာ အာဏာရပါတီ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်း သတင်းမေးကြ၊ စောင့်ကြည့်ကြသည်။

ပြည်သူများသည် တိုင်းချစ် ပြည်ချစ် ခေါင်းဆောင်များကို အလွန်လေးစား ချစ်ခင် အားကိုး ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသက်၁၀၀ ပြည့်ပြီး၊ ကျဆုံးခဲ့သည်မှာလည်း နှစ်ပေါင်း ၇၀ နီးခဲ့ပြီဖြစ်သော်လည်း ပြည်သူများမှာ ဗိုလ်ချုပ်ကို ယနေ့တိုင် မမေ့နိုင် ကြသေးပါ။

မကြာမီရက်ပိုင်း အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် ၆၈ နှစ်မြောက်နှစ်ပတ် လည်ဦး မည်။ ပြည်သူများသည် တစ်ကြိမ်ထပ်မံ သတိတရဖြင့် ပူဆွေးဝမ်းနည်းကြဦးမည်။

သည်းသည်းသန်သန် ချစ်ခင်ယုံကြည်သူများကမူ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည်ခေါင်းဆောင် ကြီးများအတွက် အမျှအတမ်း ပေးဝေကြဦးမည်ဖြစ်သည်။

ပြည်သူများသည် ကျေးဇူးရှိသူများ၊ အားကိုးအားထားဖွယ် ခေါင်းဆောင်များကို အချိန်ကျတိုင်း သို့တည်းမဟုတ် တိုက်ဆိုင်တိုင်း မမေ့ကြပါ။ ဤတွင် တိုင်းပြည်နှင့် ပြည်သူကို မျက်နှာ မမူသူများ၊ ဖိနှိပ်အုပ်ချုပ်ခဲ့သူများ၊ အနိုင်ကျင့် စော်ကားခဲ့သူများကို လည်း ပြည်သူများသည် မမေ့နိုင်ကြပါ။

သို့သော် အကောင်းအားဖြင့် မမေ့ကြသည်တော့ မဟုတ်၊ ခါးခါးသီးသီး နားနားကျည်းကျည်းဖြင့် မမေ့နိုင်ကြခြင်းဖြစ်သည်။

မြန်မာများပီပီ သေလူနှင့် ဒုက္ခရောက်သူများကို အများအားဖြင့် ခွင့်လွှတ်နိုင် ကြသော်လည်း ပြည်သူများကို မျက်နှာမမူခဲ့ သူများ ၊ ပြည်သူပိုင်ပစ္စည်းနှင့် တိုင်းပြည်သယံဇာတများကို ကိုယ်ကျိုးအတွက် ထင်သလို အသုံးချ လုပ်ကိုင်ခဲ့သူများအား ပြည်သူများသည် မည်သို့မျှ ခွင့်လွှတ်နိုင် မည် မဟုတ်ပါ။

လက်နက်အားကိုးဖြင့် ပြည်သူကို အနိုင်ကျင့်ခဲ့သူများ၊ အစိုးရအာဏာဖြင့် ပြည်သူပိုင် ပစ္စည်းများ၊ ပြည်သူ့ဘဏ္ဍာများကို မိမိပိုင် ပစ္စည်း၊ ဘိုးဘွားပိုင် ပစ္စည်းပုံစံဖြင့် ထင်သလို သုံးစွဲခြင်း၊ ပေးကမ်းခြင်း၊ ပြည်သူ့အကျိုးထက် မိမိအကျိုးစီးပွား၊ မိမိတို့သား သမီးနှင့် ဆွေမျိုးများ အကျိုးစီးပွား၊ အစ်ကိုကြီး ညီလေး အကျိုးစီးပွားနှင့် ချိတ်ဆက်ထားသော ခရိုနီ အကျိုးစီးပွားများ လုပ်ခဲ့သူများ ကို ပြည်သူများသည် မတတ်သာ၍ ခံခဲ့ရသော်လည်း မည်သို့မျှ ကြည်ဖြူနိုင်သည် မဟုတ်ပါ။

ပြည်သူသည် မသိ၍ မတတ်၍ အ၍ မပြော၊ မအော်ဘဲ ငြိမ်ခံနေကြသည်လည်း မဟုတ်ပါ။ ခံကောင်းလွန်းလှ၍ ပိပြားနေသည် လည်း မဟုတ်ပါ။ မိမိဘဝ၊ မိသားစုဘဝများ၊ ဆွေမျိုးသားချင်းများ ဒုက္ခရောက်မည်စိုး၍သာ ကြောက်ရွံ့သဖြင့် ပိတ်နေ တိတ်နေခြင်းဖြစ်ပါသည်။

လက်နက်နှင့် ခြိမ်းခြောက်၍ တိုင်းပြည်ကို သိမ်းပိုက် အုပ်ချုပ်ခဲ့သူများ၊ မိမိတို့ လူတန်းစား တစ်ရပ် ကောင်းစားရေးအတွက် ဒီမိုကရေစီကို အမည်ခံသုံးပြီး ပြည်သူများ မလိုလား မနှစ်သက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထင်သလို စိတ်တိုင်း ကျ ရေးဆွဲကာ ပြည်သူများ အသက်ပေါင်း သိန်းနဲ့ချီ ပျက်စီး၊ ဘဝပေါင်း သန်းနဲ့ချီ ငိုယိုကြေကွဲ အားကိုးရာမဲ့ချိန်တွင် မညှာတာ အားဘဲ မိမိတို့ အကျိုးစီးပွား ပဓာနထားသော အာဏာငန်းဖမ်းသူများကို ပြည်သူများသည် မည်သည့်အခါမှ မေ့ပျောက်နိုင်ကြမည် မဟုတ်ပါ။

ပြည်သူအပေါ် ဆိုးရမ်း မိုက်မဲခဲ့သူများ၏ ကြေလွင့်ပျက်စီးချိန်၊ သေကောင်ပေါင်းလဲဖြစ်ချိန်တွင် ပြည်သူများသည် မြန်မာပီပီ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပါ လိမ့်မည်၊ သို့သော်ကား မေ့ပျောက်နိုင်ပါမည်လား ဆိုသည်ကမူ မသေချာပါ။ မေ့ပျောက်နိုင် ကြမည် မဟုတ်ပါ။

ပြည်သူများသည် ခေါင်းဆောင်လုပ်သူက နည်းနည်းကောင်းသည်နှင့် အသက်ပင် မငဲ့ဘဲ ခေါင်းဆောင်အတွက် စွန့်ဝံ့သူများ ဖြစ် ပါသည်။

သို့သော် ခေါင်းဆောင်ဆိုသူများက စကားသာ လှလှသုံး၊ ကိုယ့်ကတိစကား ကိုယ်မေ့ပျောက်၊ ရာခိုင်နှုန်းပြည့် ပေးရမည့် အချိန် တွင် သူ့မယား ခါးနာပြီး သူ့သားသမီး ပျက်စီးမည်ကို စိုးရွံ့ထိတ်လန့်ဟန်ဖြင့် အချိန်မတန်သေးပါဟု အကြိမ်ကြိမ် အခါခါ အော် ဟစ်တတ်သည့် ခေါင်းဆောင်မျိုး၊ အစိုးရမျိုး၊ မတရားနေရာယူ ပြောဆို လုပ်ကိုင်တတ် သူမျိုး၊ ပြည်သူကို မျက်နှာ မမူကြသည့် ပြည် သူ့ကိုယ်စားလှယ် အတုအယောင်များကို ကိုယ်တွေ့ ဒဏ်များနှင့် ခံစားနေရသူ ပြည်သူများသည် မည်သို့မျှကြည်ဖြူနိုင်မည်မဟုတ် ပါ။

ထိုသူများ အနှေးနှင့် အမြန် ယိုယွင်းပျက်စီးချိန်တွင် အထက်တွင်ဆိုခဲ့သည့်အတိုင်း မြန်မာပီပီ သင်ပုန်းချေကောင်း ချေကြပါ လိမ့် မည်။ မေ့လွယ် ပျောက်လွယ်၊ ပြီးလွယ်စီးလွယ်ဖြစ်ကြလိမ့်မည်ဟု မဇ္ဈိမသည် မယုံမှတ်ပါ။ အချိန်မနှောင်းမီ ပြည်ချစ်ခေါင်းဆောင် များ ဘဝသို့ ပြောင်းရန် မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags