အေးဂျင့်ရွိုင်အိုလာကို ပေးချေရမည့် အခကြေးငွေကြောင့် ပေါ့ဂ်ဘာ၏ အပြောင်းအရွှေ့ ကြန့်ကြာနေ

အေးဂျင့်ရွိုင်အိုလာကို ပေးချေရမည့် အခကြေးငွေကြောင့် ပေါ့ဂ်ဘာ၏ အပြောင်းအရွှေ့ ကြန့်ကြာနေ

ဇူလိုင် ၂၆၊ အင်္ဂလန် ။                      ။ အေးဂျင့်ရွိုင်အိုလာကို ပေးချေရမည့် ငွေကြေးပမာဏကြောင့် ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏ အပြောင်းအရွှေ့မှာ ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမားပေါ့ဂ်ဘာကို မန်ယူအသင်းက ပြောင်းရွှေ့ကြေးပေါင် သန်း ၁၁၀ ဖြင့် ခေါ်ယူခဲ့ပါက အေးဂျင့်ရွိုင်အိုလာမှာ ပွဲစားခအဖြစ် ပေါင် ၁၈.၄ သန်း ရရှိမည် ဖြစ်သည်။ သို့သော် ထိုငွေကြေးပမာဏကို နှစ်ဘက်အသင်းများက ပေးချေလိုခြင်းမရှိသည့်အတွက် အပြောင်းအရွှေ့မှ ကြန့်ကြာလျက်ရှိနေခြင်း ဖြစ်သည်။

ပေါ့ဂ်ဘာသည် လူမှုကွန်ယက်တွင် အေးဂျင့်ရွိုင်အိုလာနှင့် အပန်းဖြေနေသည့်ပုံများတင်ခဲ့သည့်အတွက် ၎င်း၏အပြောင်းအရွှေ့သတင်းများမှာ အဆက်မပြတ် လှုပ်ခတ်လျက်ရှိနေခဲ့သည်။

ဂျူဗင်တပ်စ်အသင်းက ပေါ့ဂ်ဘာအတွက် ပေါင်သန်း ၁၁၀ အပြည့်အလိုရှိနေပြီး ရွိုင်အိုလာ၏အေးဂျင့်ခကို လုံးဝပေးချေမည် မဟုတ်ကြောင်း ပြောဆိုထားသည်။ မန်ယူအသင်းကလည်း ၎င်းတို့၏ကစားသမားဟောင်းကို ပြန်ခေါ်ရန် ငွေကြေးမြောက်များစွာသုံးစွဲမည်ဖြစ်သော်လည်း အေးဂျင့်ခကို ထပ်မံပေးချေလိုသည့် ဆန္ဒမရှိကြောင်း အရိပ်အမြွက် ပြောဆိုထားသည်။

ပေါ့ဂ်ဘာမှာ လက်ရှိအချိန်တွင် ပြင်သစ်အသင်းဖော်ဂရစ်ဇ်မန်နှင့်အတူ မီယာမီတွင် အနားယူအပန်းဖြေလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags