အဓိကပါတီများ၏ ထောက်ခံမှု ဆုံးရှုံးပြီးနောက် နီပေါ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

အဓိကပါတီများ၏ ထောက်ခံမှု ဆုံးရှုံးပြီးနောက် နီပေါ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

ဇူလိုင် ၂၅ ။                  ။ နိုင်ငံရေး အကျပ်ဆိုက်နေသော နီပေါနိုင်ငံတွင် ဇူလိုင်လ ၂၄ ရက်ကကျင်းပသည့် လွှတ်တော်အစည်းအဝေးတစ်ခု၌ ဝန်ကြီးချုပ် ကေပီရှာမာအိုလီက ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၁၅ အောက်တိုဘာလကမှ စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ကိုးလကြာသာ တာဝန်ထမ်းဆောင်ထားပြီးနောက်ပိုင်း ယခုကဲ့သို့ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

အဓိက ပါတီကြီးများဖြစ်ကြသော Nepali Congress ပါတီ နှင့် CPN ပါတီ တို့က လက်ရှိ ဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေများအောက်တွင် ဝန်ကြီးချုပ်အား အယုံအကြည်မရှိတော့ကြောင်း အဆိုတစ်ရပ်ကို မကြာမီ လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားရာ ယင်းမတိုင်မီ အသက် ၆၄ နှစ်ရှိ ရှာမာအိုလီ က  ယခုကဲ့သို့ ကြိုတင်နှုတ်ထွက်သွားခဲ့ခြင်းလည်းဖြစ်သည်။

မိမိတို့အစိုးရအနေဖြင့် တာဝန်ယူစဉ်အချိန်အတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ် ၊အိန္ဒိယ နိုင်ငံတို့နှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးများကို ထိန်းသိမ်းထူထောင်နိုင်ခဲ့ပြီး အမျိုးသားရေးအကျိုးကို ထမ်းဆောင်နိုင်ခဲ့ကြောင်း မစ္စတာ ရှာမာ အိုလီက ဇူလိုင်လ ၂၄ ရက်က လွှတ်တော်တွင် ပြောကြားသွားသည်။

အလားတူ ကိုးလတာကိုးလအတွင်း ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီပေးနိုင်ရေး၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်နိုင်ရေးတို့တွင် များစွာအားထုတ်ခဲ့ရကြောင်းနှင့် ဖွဲ့စည်းပုံဥပဒေသတစ် ပေါ်ထွက်လာရေးတု့ိအတွက် များစွာလုပ်ဆောင်ထားခဲ့သည်ဟု ၎င်းက ပြောကြားသွားသေးသည်။

သို့ရာတွင် နိုင်ငံတွင် အဓိကကျသည့် ပါတီကြီးများက လက်ရှိ နိုင်ငံရေးအခြေအနေများတွင် ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့၏ ကိုယ်တွယ်ပုံအပေါ် ထောက်ခံခြင်းမရှိတော့ပဲ စွပ်စွဲပြင်တင်ရန် ပြင်ဆင်လာနေခြင်းကြောင့် ယခုကဲ့သို့ ဝန်ကြီးချုပ် နှုတ်ထွက်ရသည်အထိ အခြေအနေတစ်ရပ်ကို ဦးတည်စေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly