ဝန်ထမ်းများကို အသက် ၆၀ပြည့်သည်နှင့် ပင်စင်ပေးရန် တပ်မတော်သား အမတ်များ ကန့်ကွက်သော်လည်း အထမမြောက်

ဝန်ထမ်းများကို အသက် ၆၀ပြည့်သည်နှင့် ပင်စင်ပေးရန် တပ်မတော်သား အမတ်များ ကန့်ကွက်သော်လည်း အထမမြောက်
နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌါနမှ ၀န်ထမ်းများ တနိုင်ငံလုံးအတိုင်းအတာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် ပြင်ဆင်နေကြသည်ကို ၂၀၁၄ ခုနှစ် မတ်လ ၁၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

နေပြည်တော်၊ ဇူလိုင် ၉ ။       ။ နိုင်ငံဝန်ထမ်းများကို အသက် ၆၀ပြည့်သည်နှင့် ပင်စင်ပေးသည့်စနစ်ကို ဆက်လက်ထားရှိရန် အမတ်တစ်ဦး၏ အရေးကြီးအဆိုကို တပ်မတော်သားအမတ်များက ကန့်ကွက်သော်လည်း အမတ်အများစုက ထောက်ခံခဲ့သဖြင့် အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

 လွိုင်ကော်မြို့နယ်အမတ် ဦးခင်မောင်ညို၏ နိုင်ငံ့ဝန်ထမ်းများကိုအသက် ၆၀ပြည့်သည်နှင့် ပင်စင်ပေးသည့် စနစ်အား ဆက်လက် ထားရှိရန် အရေးကြီးအဆိုအား တပ်မတော်သားအမတ်  နှစ် ဦးအပါအဝင် စုစုပေါင်း လွှတ်တော်အမတ် ၁၄ဦးတို့ ဇူလိုင် ၉ ရက် က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြီးနောက် စက်ခလုပ်နှိပ်မဲ ခွဲမှုရလာဒ်အရ အတည်ဖြစ်ခဲ့ခြင်းဖြစ်သည်။

အဆိုရှင်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ် ဦးခင်မောင်ညိုက “အပြင်မှာ သတင်းတွေထွက်နေပါတယ်။ ပင်စင်သက်တမ်းကို အသက် ၆၃နှစ်အထိ တိုးမယ်ဆိုပြီးတော့ ထွက်လာပါတယ်။ ငယ်ရွယ်တဲ့သူတွေ၊ အလုပ်လက်မဲ့သူတွေ အတွက် အခက်အခဲ ဖြစ်နိုင်တာကြောင့် ဒီအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်”ဟု  ပြောသည်။  

သို့သော် တပ်မတော်သားအမတ် ဒုတိယဗိုလ်မှူးကြီး လှိုင်ဝင်းကမူ သေချာခိုင်မာမှုမရှိသည့် တရားမဝင်မဟုတ်သော သတင်း စကားများပေါ်မူတည်ပြီး အဆိုတင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်း သက်တမ်းကို ယခုကျင့်သုံးနေသည့် အသက်ခြောက်ဆယ်ပြည့် သည့်နေ့တွင် အငြိမ်းစားယူသည့် စနစ်သာ ထားရှိရေးအဆိုသည် သက်ဆိုင်ရာ အဖွဲ့အစည်းများကို ကန့်သတ်ခြင်း၊ ကြိုတင် တားဆီးခြင်း သဘောသက်ရောက်နေသည်ဟု လွှတ်တော်တွင် ကန့်ကွက်ဆွေးနွေးခဲ့သည်။

ဒုတိယဗိုလ်မှူးကြီး လှိုင်ဝင်းက  “အကြောင်းအရာ ခိုင်ခိုင်မာမာမသိရသေးသော ကိစ္စတစ်ရပ်အား ဆွေးနွေး အတည်ပြုလိုပါ က ပြည်သူများအနေဖြင့် လွှတ်တော်အပေါ် အမြင်တမျိုး ထင်မြင်ယူဆ နိုင်ပါ၍ အဆိုအား လတ်တလော အတည်မပြု သင့်သေး ပါဘူး”ဟု လွှတ်တော်တွင် ပြောသည်။

အတည်ပြုလိုက်သည့် ဖော်ပြပါ အရေးကြီးအဆိုသည် လွှတ်တော်အစည်းအဝေးအစီအစဉ်တွင် ပါဝင်ခြင်းမရှိသလို လွှတ်တော်၏ သဘောထားကိုရယူခြင်းမရှိဘဲ လွှတ်တော်နာယက သူရဦးရွှေမန်းက ဆွေးနွေးခွင့်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly